ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် မြို့ကို ယူကရိန်းတပ်ဖွဲ့များ ပြန်လည်ပိတ်ဆို့ သိမ်းပိုက်နိုင်မှုကြောင့် ရုရှားစစ်သားများ ဆုတ်ခွာ ထွက်ပြေး

 ယူကရိန်းတပ်ဖွဲ့များ
 ယူကရိန်းတပ်ဖွဲ့များ
ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် မြို့ကို ယူကရိန်းတပ်ဖွဲ့များ ပြန်လည်ပိတ်ဆို့ သိမ်းပိုက်နိုင်မှုကြောင့် ရုရှားစစ်သားများ ဆုတ်ခွာ ထွက်ပြေး
အောက်တိုဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

 ယူကရိန်းတပ်ဖွဲ့များက နိုင်ငံအရှေ့ပိုင်းရှိ ရုရှားသိမ်းပိုက်ထားခဲ့သည့် မဟာဗျူဟာမြောက် Lyman မြို့သို့ အောက်တိုဘာလ (၁) ရက်နေ့တွင် ရောက်ရှိခဲ့ပြီ ဖြစ်ပြီး မြို့အတွင်းရှိ ထောင်နှင့်ချီသည့် ရုရှားစစ်သားများကို ဝိုင်းထားကြောင်း ယူကရိန်းအစိုးရက ပြောသည်။ 

ယူကရိန်း၏ နယ်မြေ (၄) ခုကို ရုရှားလက်အောက်သို့ တရားဝင် သိမ်းပိုက်လိုက်ပြီဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့ပြီး နောက်တစ်ရက်တွင် Lyman မြို့ကို ယူကရိန်းတပ်ဖွဲ့များက ဝိုင်းထားလိုက်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးသတင်းများအရ ယူကရိန်းတပ်ဖွဲ့များက မဟာဗျူဟာမြောက် အရေးပါသည့် Lyman မြို့တွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ရုရှားစစ်သားများ ဆုတ်ခွာသွားခဲ့ကြကြောင်း သိရသည်။ 

Lyman မြို့မှာ ရုရှားနှင့်ပူးပေါင်းလိုက်ပြီဟု ပူတင်က ကြေညာခဲ့သည့် Donetsk နယ်မြေတွင်ရှိကြောင်းလည်း သိရသည်။ 

ရုရှားသမ္မတ ပူတင်က ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေများမှာ ရုရှားနှင့်ပူးပေါင်းလိုက်ပြီဟု စက်တင်ဘာလ (၃၀) ရက်နေ့တွင် အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ပြီး ကြေညာခဲ့သည်။

ရုရှားက ယူကရိန်းနယ်မြေများကို ထိုသို့ သိမ်းပိုက်လိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂပဋိညာဥ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက ပြောဆိုကြသည်။ 

အမေရိကန်နှင့် ဥရောပသမဂ္ဂက ရုရှား၏ တရားမဝင် နယ်မြေသိမ်းပိုက်မှုကို ဘယ်တော့မှ လက်မခံကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန်က ရုရှားကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့သည်။

ယခုအခါ Lyman မြို့ကို ယူကရိန်းတပ်ဖွဲ့များက ဝိုင်းထားပြီး ပြန်သိမ်းပိုက်နိုင်ခြင်းက Donetsk နယ်မြေကို အခြားနယ်မြေ (၃) ခုနှင့်အတူ သိမ်းပိုက်လိုက်ပြီဟု သမ္မတပူတင်က ကြေညာခဲ့ပြီးနောက် ရုရှားအတွက် စစ်ပွဲတွင် ကြီးမားသည့် အရေးနိမ့် ဆုတ်ယုတ်မှုတစ်ခု ဖြစ်လာမည်ဟု ဆိုသည်။ 

Donetsk နယ်မြေ မြောက်ပိုင်းရှိ Lyman မြို့အဝင်တွင် ယူကရိန်းစစ်သားများက ၎င်းတို့၏ နိုင်ငံတော်အလံကို လွှင့်ထူခဲ့ကြကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီး၏ ဝန်ထမ်းအဖွဲ့အကြီးအမှူးက အွန်လိုင်းတွင် လွှင့်တင်ခဲ့သည့် ဗီဒီယိုတစ်ခုအတွင်း တွေ့ရသည်။

ယူကရိန်းစစ်တပ်၏ အရှေ့ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ အဆိုအရ Lyman မြို့တွင် ရုရှားစစ်သား (၅,၀၀၀) မှ (၅,၅၀၀) ရှိခဲ့သော်လည်း သေဆုံးမှုများကြောင့် ယူကရိန်းတပ်ဖွဲ့များက ဝိုင်းထားသည့် ရုရှားစစ်သားအရေအတွက်မှာ ထိုထက် လျော့နည်းနိုင်ကြောင်း သိရသည်။ 

Lyman မြို့တွင် ရုရှားစစ်သားများ အဝိုင်းခံထားရသည့် သတင်းနှင့်ပတ်သက်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်မပေးသေးဟု Reuters သတင်းက ဖော်ပြသည်။

Source: Reuters