နတ်ရွာစံ ဗြိတိန်ဘုရင်မကြီးကို ဂါရဝပြုသည့် ဟောင်ကောင်အမျိုးသား ဆူပူ လှုံ့ဆော်မှုဖြင့် ထိန်းသိမ်းခံရ

Photo: GETTY IMAGES
Photo: GETTY IMAGES
နတ်ရွာစံ ဗြိတိန်ဘုရင်မကြီးကို ဂါရဝပြုသည့် ဟောင်ကောင်အမျိုးသား ဆူပူ လှုံ့ဆော်မှုဖြင့် ထိန်းသိမ်းခံရ
စက်တင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ဟောင်ကောင်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးတွင် နတ်ရွာစံ ဒုတိယမြောက် အဲလိဇဘက်သ် ဘုရင်မကြီးကို တေးသီချင်းဖြင့် ဂါရဝပြုခဲ့သည့် ဟောင်ကောင်အမျိုးသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ 

ဟောင်ကောင်သတင်းများ၏ ဖော်ပြမှုအရ အသက် (၄၃) နှစ်အရွယ် ထိုအမျိုးသားက ၂၀၁၉ ခုနှစ် ဟောင်ကောင်ဆန္ဒပြပွဲများနှင့် ဆက်နွယ်သည့် သီချင်းတစ်ပုဒ်နှင့် ဗြိတိန်နိုင်ငံတော်သီချင်း အပါအဝင် တေးသီချင်းများကို ၎င်း၏ လေမှုတ်တူရိယာ ဘာဂျာဖြင့် တီးမှုတ်ခဲ့သည်ဟု ဆိုသည်။

၎င်းကို ကိုလိုနီခေတ်က ပြဌာန်းခဲ့သည့် ဆူပူမှုဖြစ်စေရန်လှုံ့ဆော်မှု ဥပဒေပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က BBC Chinese သတင်းဌာနကို ပြောသည်။ 

ထိုဥပဒေကို အစိုးရရှေ့နေများက အသုံးပြုမှု နည်းပါးခဲ့သည်ဟု ဆိုသို့သော်လည်း ပြီးခဲ့သည့် လအနည်းငယ်အတွင်းက စကားပြောကုထုံးပညာရှင် (၅) ဦး အပါအဝင် ထို ဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံရသူ အရေအတွက် မြှင့်တက်လာခဲ့သည်။ 

၎င်းတို့ (၅) ဦးကို ကလေးစာအုပ်များ ပုံနှိပ်ထုတ်ဝေမှုနဲ့ ဆက်စပ်၍ ထိုဥပဒေဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် မှတ်တမ်းအရ အမျိုးသားတစ်ဦးက ဗြိတိန်ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် မတ်တပ်ရပ်လျက် ၂၀၁၉ ခုနှစ်တွင် ဒီမိုကရေစီလိုလားသူများ၏ ဆန္ဒပြပွဲအတွင်း သီဆိုခဲ့ကြသည့် "Glory to Hong Kong" ဟု အမည်ပေးထားသည့် တရားမဝင် နိုင်ငံတော်သီချင်းကို ၎င်း၏ဘာဂျာဖြင့် တီးမှုတ်နေသည်ကို တွေ့ရသည်။

ဗြိတိန်တွင် ပြုလုပ်သည့် အဲလိဇဘက်သ် ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုကို လာရောက်စုရုံးကြည့်ရှုကြသည့် ကြီးမားသော လူအုပ်စုက သံစဥ်နှင့်အတူ ထိုသီချင်းကို လိုက်ပါသီဆိုနေခဲ့ကြသည်။ 

ထိုသီချင်းစာသားများတွင် "ငါတို့မြေပေါ်မှ မျက်ရည်တွေ" နှင့် "ဒီမိုကရေစီနှင့် လွတ်လပ်မှု" တို့ကို ရည်ညွှန်းထားသည်။

ဟောင်ကောင်ရဲတပ်ဖွဲ့က BBC ကို ပြောကြားမှုအရ ထိုအမျိုးသားကို ဆူပူမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုအတွက် သံသယရှိမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ဟောင်ကောင်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း နတ်ရွာစံ အဲလိဇဘက်သ် ဘုရင်မကြီးကို ဂါရဝပြုကြသည် လူတန်းရှည်ကြီးကို တွေ့ခဲ့ရပြီး ဗြိတိန်ပြင်ပတွင် ဘုရင်မကြီးကို ဂါရဝပြုကြသည့် အကြီးမားဆုံး လူအုပ်စုဖြစ်နိုင်သည်ဟု ဆိုသည်။

ဟောင်ကောင်မှာ ယခင်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်အုပ်ချုပ်မှုအောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ လွှဲပြောင်းခဲ့ရာတွင် တရုတ်က ဟောင်ကောင်ကို "တစ်နိုင်ငံ စနစ်နှစ်မျိုး" မူဝါဒဖြင့် အုပ်ချုပ်ရန် သဘောတူညီခဲ့သည်။ 

ဟောင်ကောင်တွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးကိစ္စများကလွဲပြီး နောက်ထပ် နှစ် (၅၀) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားသည်။

သို့သော် ဟောင်ကောင်ဆန္ဒပြမှုများကို ဖြိုခွင်းရာတွင်မူ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းကျင့်သုံးခဲ့ပြီး ၎င်း၏ဩဇာခံ မျိုးချစ်များကိုသာ အုပ်ချုပ်ခွင့်ပြုနေရာ ထိုလုပ်ရပ်က ဟောင်ကောင်နှင့်ပတ်သက်၍ တရုတ်၏ သဘောတူညီမှု ကတိကဝတ် ဖောက်ဖျက်ခြင်းဟု အများအပြားက ရှုမြင်ကြသည်။

‌Source: BBC