တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ခိုးခံရ

တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော်ခိုးခံရ

ကျပ်သန်းပေါင်း (၁၁,၀၀)ကျော် အကုန်ကျခံကာ ရွှေသင်္ကန်းကပ်ရန်ပြင်ဆင်နေသည့် တာချီလိတ်မြို့ရှိ  တာချီလိတ်ရွှေတိဂုံစေတီတော်တွင် စိန်ဖူးတော်ခိုးခံရကြောင်း သိရသည်။



တာချီလိတ်ရွှေတိဂုံစေတီတော်တွင် စိန်ဖူးတော် ခိုးခံရကြောင်းကို ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့ ညကမှ သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် ငြမ်းဆင်ပြီး လုပ်ငန်းဆောင်ရွက်နေလျက်ရှိရာမှ ယခုလို ခိုးခံရခြင်း ဖြစ်ကြောင်း သိရသည်။

"ညပိုင်းက ရဲကားတွေလာပြီး ရင်ပြင်ပေါ် ရောင်းတဲ့ ဈေးသည်တွေ အကုန်သိမ်းခိုင်းတာတော့ တွေ့ခဲ့တယ်။ ရွှေတိဂုံပေါ် ငြမ်းဆင်တာက အပေါ်ဆုံးထိရောက်သွားပြီဆိုတော့   ယူရတာအေးဆေး ဖြစ်သွားတဲ့ အနေအထားမျိုးပဲ။ ဒီရင်ပြင်မှာက ဘုရားဂေါပက နဲ့ ငြမ်းဆင်တဲ့ အလုပ်သမားတွေပဲရှိတာ။ အဲ့တော့ (၆)ယောက်လောက်ကို ဖမ်းပြီး စစ်ဆေးနေတယ်လို့တော့ ကြားတယ်။ အပြင်ကအခြား သူစိမ်းတော့ စေတီငြမ်းပေါ်တက်ဖို့ တော်ရုံတန်ရုံ မလွယ်ဘူး။ စိန်ဖူးတော်ရဲ့ တန်ဖိုးက ဘတ်(၂၈)သန်းလောက် တန်တယ်လို့တော့ ပြောကြတယ်။  ဂေါပကတွေ ပြောတာကတော့ ပျောက်တယ်ပဲ ပြောတယ်။ ခိုးခံရတာလို့ မပြောဘူး"သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ကျပ်သန်းပေါင်း (၁၁,၀၀)ကျော် အကုန်အကျခံကာ ရွှေသင်္ကန်းများ ပြန်လည်ကပ်ရန်အတွက် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်က စပြီး စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့သည် လူသူပြတ်လပ်သည့် နေရာများ၌ ဓါးဖြင့်ခုတ်ပြီး ဆိုင်ကယ်လုယက်သည့် ခိုးဆိုးလုယက်မှုများ နေ့စဉ် ဖြစ်ပွားနေလျှက်ရှိသည့် မြို့တစ်မြို့ဖြစ်ရာ ယခုအခါတွင် ဘာသာရေးဆိုင်ရာ ပစ္စည်းများ ခိုးခံရသည့် အဖြစ်သို့ ဖြစ်ပွားလာနေသည်။