စစ်ကောင်စီအဖွဲ့၏ စစ်တပ်နှင့်ရဲ နေ့ရော ညပါ လှည့်လည် စစ်ဆေးရှာဖွေနေသည့် တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုခံရမှု ဖြစ်ပွား

စစ်ကောင်စီအဖွဲ့၏ စစ်တပ်နှင့်ရဲ နေ့ရော ညပါ လှည့်လည် စစ်ဆေးရှာဖွေနေသည့် တာချီလိတ်မြို့တွင် ဓါးဖြင့်ခုတ်၍ ဆိုင်ကယ်လုခံရမှု ဖြစ်ပွား
ဇန်နဝါရီ 17, 2022 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲက နေ့ရောညပါ လှည့်လည်စစ်ဆေးရှာဖွေမှုများ လုပ်နေသည့် တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၄)နာရီဝန်းကျင်က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးကို အုပ်စုလိုက် ဓါးဖြင့် ခြိမ်းခြောက်တိုက်ခိုက်ပြီး ဆိုင်ကယ်လုသွားကြောင်း သိရသည်။

လူတော့ ဘာမှ မဖြစ်ဘူး။ ဆိုင်ကယ် ပါသွားတယ်။ ဝမ်မိုင်ဈေးဘက်ကနေ စထွက်တော့ သူတို့လူတွေက အနောက်ကနေ လိုက်ပြီးကြည့်နေတယ်။ အဲဒါနဲ့ ဂေါက်ကွင်းလမ်း ဝမ်မိုင်အဆင်းက ကွေ့နှစ်ခုရှိတဲ့နေရာ ဂုံးအတက်မှာ ဓါးရှည်နဲ့ လှမ်းခုတ်တာ။ ခြင်းတောင်းကို ခုတ်မိပြီး ကွဲသွားတယ်။ ခြင်းကွဲသွားတော့ ကိုယ်တွေလည်း လန့်ပြီးပြေးရတယ်။ ဆိုင်ကယ်ပါသွားတယ်

ဟု ဆိုင်ကယ်လုခံရသူနှင့်အတူ လိုက်ပါသွားသူက Tachileik News Agency သို့ ပြောသည်။

ယနေ့ နံနက်အစောပိုင်းတွင် ဂေါက်ကွင်းလမ်း ဝမ်မိုင်အဆင်းတွင် ဖြစ်ပွားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့သည် ပြီးခဲ့သည့် ညပိုင်းအချိန်ထိ လောင်းကစားဝိုင်း၊ ကာစီနိုများနှင့် Club သွားရာလမ်းများအနီးတွင် လုံခြုံရေးပေးထားသည့်အနေဖြင့် စစ်ဆေးမှုများလုပ်နေသည့်အပြင် မြို့တွင်း ကားများဖြင့် လှည့်ပတ်စစ်ဆေးနေခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင် တာချီလိတ်မြို့တွင်း ပေါက်ကွဲမှု (၄) ကြိမ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက နေ့ည လှည့်ပတ်စစ်ဆေးဖမ်းဆီးမှုများလုပ်နေသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ USDP ရုံးတို့ကို လုံခြုံရေးဆောင်ရွက်ခြင်းများ လုပ်နေသည်ကိုလည်း တွေ့ရသည်။