သင်္ကြန်အပြီးတွင် စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်ပုံစံစာရွက်များထွက်လာ

သင်္ကြန်အပြီးတွင် စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်ပုံစံစာရွက်များထွက်လာ

စစ်ကောင်စီက အသက်(၂၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများကို သင်္ကြန်အပြီးတွင် စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်ထည့်ရမည့် ပုံစံစာရွက်များပင် ထွက်ပေါ်လာပြီဖြစ်သည်။ 

စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် မတ်လ (၁၀)ရက်နေ့ကထုတ်သည့် စာရင်းကောက်ယူရေးညွှန်ကြားစာတွင် အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်မပြည့်သေးသော လူဦးရေစာရင်း ကောက်ယူရာတွင် လိပ်စာပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ်မှူးများက ထွေအုပ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့်ပူးပေါင်း လုပ်ဆောင်ရမည်ဟု ညွှန်ကြားထားသည်ကို တွေ့ရသည်။

အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်မပြည့်သေးသူများ၏ လူဦးရေစာရင်း အချိန်မီပြုစုပေးပို့နိုင်ရန် မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့များတွင် မြို့နယ်မှူးများသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တိုက်ဆိုင်စစ်ဆေး၍ အမှန်ရနိုင်သည့်လိပ်စာကို အသုံးပြုရန် ညွှန်ကြားထားသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေသည့် လူငယ်များ၏ ကိုယ်ရေးအချက်အလက်ထည့်ရမည့် ပုံစံစာရွက်များကို စတင်ပေးပို့နေပြီဖြစ်သည်။

စာရွက်တွင် အမှတ်စဉ်ဖြင့် (၂၄)ချက်အထိ ဖြည့်သွင်းရန်ပါဝင်လာပြီး နေရပ်လိပ်စာ၊ ပြည်ပသို့ရောက်ရှိနေပါက သွားရောက်နေသည့် နိုင်ငံ၊ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေး၊ နိုင်ငံရေးပါတီများတွင် ဝင်ရောက်ထားခြင်း ရှိ၊ မရှိ၊ ပြစ်မှုကျခံနေရခြင်း ရှိ၊ မရှိစသည့်အချက်များကို ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုနှင့် တိုင်းနှင့် ပြည်နယ်အဆင့်အဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ 

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းရန် အကျုံးဝင်သူ (၁၄)သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး အပတ်စဉ်တစ်ခုလျှင် လူ(၅၀၀၀)နှုန်းဖြင့် လာမည့်ဧပြီလကစတင်ကာ ဆင့်ခေါ်မည်ဖြစ်ကာ လက်ရှိတွင် အမျိုးသမီးများ မပါဝင်သေးဟု ဆိုထားသည်။ 

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် (၅)နှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်ပြီး ငြင်းဆိုပါက ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကိုတွေ့ရသည်။

#TachileikNewsAgency