ရွာငံမြို့တွင် စစ်ကောင်စီတပ်က ငွေကြေးရယူကာ ခွင့်ပြုပေးထားသည့် လောင်းကစားဝိုင်းကို ရွာငံ PDF က ဝင်ရောက် ဖမ်းဆီး

ရွာငံမြို့တွင် စစ်ကောင်စီတပ်က ငွေကြေးရယူကာ ခွင့်ပြုပေးထားသည့် လောင်းကစားဝိုင်းကို ရွာငံ PDF က ဝင်ရောက် ဖမ်းဆီး
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| ရှမ်းတောင်

 ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာအုပ်စု၊ မြောက်လက်ကုန်းကျေးရွာ၌ စစ်ကောင်စီတပ် ငွေကြေးရယူကာ ခွင့်ပြုပေးထားသည့် လောင်းကစားဝိုင်းကို Ywangan PDF -JPRF က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညပိုင်းတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဂျင် နှင့် မိုးကြိုးကုန်းကင်းအစရှိသည့် လောင်းကစားဝိုင်းများသာမက မူးယစ်ဆေးများကိုပါ ရောင်းဝယ်ဖောက်ကားနေသည်ကို သိရှိရသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဖုန်းနှင့် ငွေသားသိန်း (၂၀)တို့ကို သိမ်းဆည်းရရှိခဲ့ပြီး လောင်းကစားဝိုင်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နှင့် အောင်ပန်းမြို့နယ်အတွင်း၌ ပြုလုပ်နေသည့် လောင်းကစားဝိုင်းများကိုလည်း ရပ်တန့်ကြရန် အသိပေးထားကြောင်း သိရသည်။

 ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရွာငံ နှင့် ပင်းတယမြို့နယ် စသည့် ဒေသများတွင် စစ်တပ်အရာရှိများနှင့် ပျူစောထီးများက အခကြေးငွေယူ၍ လောင်းကစားဝိုင်းများကို နေရာအနှံ့ ဖွင့်လှစ်ခွင့်ပေးထားပြီး မူးယစ်ဆေးများကိုလည်း စစ်တပ်လက်အောက်ခံ ပျူစောထီးများက ရောင်းဝယ်ဖောက်ကား နေသည်ဟု Ywangan People Defence Force (JPRF)က ထုတ်ပြန်ထားသည်။