G-Fatt နှင့် ပိုင်တံခွန်ကို Brand Ambassador အဖြစ်ကနေ လက်တွဲဖြုတ်ပေးရန် သုံးစွဲသူများက Samsung၏ Facebook Page အောက်တွင် တောင်းဆိုနေ

 G-Fatt နှင့် ပိုင်တံခွန်ကို Brand Ambassador အဖြစ်ကနေ လက်တွဲဖြုတ်ပေးရန် သုံးစွဲသူများက Samsung၏ Facebook Page အောက်တွင် တောင်းဆိုနေ

 နေပြည်တော်ရှိ အာဏာသိမ်းစစ်တပ်၏ ကြည်း၊ ရေ၊ လေ မဏ္ဌပ်ကို တက်ရောက်ခဲ့သည့် G-Fatt နှင့် ပိုင်တံခွန်ကို  Brand Ambassador အဖြစ်နေက လက်တွဲဖြုတ်ပေးရန် သုံးစွဲသူများက Samsung ၏ Facebook Page အောက်တွင် ကော်မန့်များ(မှတ်ချက်)ရေးသားကာ တောင်းဆိုနေကြကြောင်း သိရသည်။

ပြည်သူကို သတ်ဖြတ်နေသည့် စစ်အုပ်စု၏ မဏ္ဌပ်ကို တက်ရောက်သည့် G-Fatt နှင့် ပိုင်တံခွန်တို့ ဓာတ်ပုံများမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ် တက်လာပြီးနောက် ၎င်းတို့ကို Boycott ပြုလုပ်ကြရန် နှိုးဆော်ထားကြသည်။



Samsung သုံးစွဲသူများက G-Fatt နှင့် ပိုင်တံခွန်တို့ကို Brand Ambassador အဖြစ်ကနေ လက်တွဲဖြုတ်ပေးရန်နှင့် လက်တွဲမဖြုတ်ပါက Samsung ထုတ်ကုန် ပစ္စည်းများအားလုံးကို လုံးဝအသုံးပြုတော့မည် မဟုတ်ဘဲ Boycott ပြုလုပ်မည်ဟု ‌မှတ်ချက်ရေးသားတောင်းဆိုနေကြခြင်း ဖြစ်သည်။

၂၀၂၃ခုနှစ် ဧပြီလ (၁၄)ရက်၊ ည (၉ )နာရီခွဲအချိန်ထိ သုံးစွဲသူပေါင်း ၄၀၀၀ ကျော် က Samsung Page ၏ နောက်ဆုံးတင်ထားသော Post အောက်တွင် ကော်မန့်များရေးသားကာ  တောင်းဆိုနေကြခြင်းဖြစ်သည်။

G-Fatt နှင့် ပိုင်တံခွန်တို့သည် Samsung ကုမ္ပဏီနှင့် ၂၀၂၂ခုနှစ်၊ ဧပြီလကပင် Brand Ambassador အဖြစ်ကနေ အဖြစ် လက်တွဲလုပ်ကိုင်နေသူများဖြစ်ကြပြီး ယခုကဲ့သို့ သုံးစွဲသူများ၏ တောင်းဆိုမှုကို Samsung ကုမ္ပဏီဘက်က ပြန် လည်ဖြေရှင်းပေးခြင်း မရှိသေးပေ။

အာဏာသိမ်းကောင်စီတပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မဟာသင်္ကြန်ရေကစားမဏ္ဍပ်သို့ သရုပ်ဆောင် ပိုင်တံခွန်၊ အဆိုတော် ယုန်လေး၊ G-Fatt၊ Floke Rose နှင့် Ice Cold အပါအဝင် အနုပညာရှင်အချို့ ၂၀၂၃ ခုနှစ် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ(၁၃)ရက်နေ့တွင် သွားရောက်ခဲ့ကြသည့် ပုံများ ထွက်ပေါ်လာရာ ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့သည်။

ပိုင်တံခွန်သည် နွေဦးတော်လှန်ရေးအစ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်စဉ်က ပါဝင်ခဲ့သူဖြစ်ကာ ဖမ်းဆီးခံရပြီးနောက် ထောင်ကပြန်လွတ် ကာ စစ်ကောင်စီနှင့် လက်တွဲသွားသူဖြစ်သည်။

G-Fatt၊ Floke Rose တို့မှာ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ ပြီးနောက် တာချီလိတ်မြို့ကတဆင့်ပြန်ဝင်ကာ ခံဝင်လက်မှတ်ထိုး ၍ စစ်ကောင်စီနှင့် ပူးပေါင်းသွားသူများဖြစ်သည်။