TNLA သိမ်းထားသည့်မြို့များအပါ တအာင်းဒေသအတွင်း အခြေခံပညာရေးကျောင်းပေါင်း(၅၀၀)ကျော် တိုးချဲ့ဖွင့်မည်၊ CDM ဆရာ၊ ဆရာမများအား ထပ်မံဖိတ်ခေါ်ထား

TNLA သိမ်းထားသည့်မြို့များအပါ တအာင်းဒေသအတွင်း အခြေခံပညာရေးကျောင်းပေါင်း(၅၀၀)ကျော် တိုးချဲ့ဖွင့်မည်၊ CDM ဆရာ၊ ဆရာမများအား ထပ်မံဖိတ်ခေါ်ထား

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA သိမ်းထားသည့် မြို့များအပါ တအောင်းဒေသအတွင်း လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၅၀၀)ကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။  

တအာင်းအမျိုးသားပညာရေးကော်မတီ-TNEC ၏ ၂၀၂၄ ခုနှစ် မတ်လ(၂)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကော်မတီနှစ်ပတ်လည် အစည်းအဝေးနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ယင်းသို့ထုတ်ပြန်လာခြင်းဖြစ်သည်။

လာမည့်ပညာသင်နှစ်များတွင် တအာင်းပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး၏ ပညာရေးကဏ္ဍအား ဆောင်ရွက်ပေးနိုင်ရန်နှင့် အမျိုးသားအခြေပြု ပညာရေးအစား ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်သည့် ဒေသအခြေပြု ပညာရေးဖော်ဆောင်သွားမည်ဟု ဆိုသည်။ 

တအာင်းပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဆင့်မြင့်ပညာရေးကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားနိုင်ရေး၊ ခိုင်မာသည့် တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ရှေးဦးကလေးသူငယ်ပညာရေးအား မြှင့်တင်ဖွင့်လှစ်နိုင်ရေးအပါအဝင် ဖက်ဒရယ်ပညာရေးမူဝါဒ၊ မိခင်ဘာသာစကားအား အခြေပြုသည့် ပညာရေးမူဝါဒ အစရှိသည်တို့ကို ဆွေးနွေးချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ 

တအာင်းပြည်နယ်အတွင်း ကျောင်း (၅၅၀)ခန့် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်ကြားရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး ပြည်သူနှင့်အတူ ရပ်တည်သည့် CDM ဆရာ၊ ဆရာမများအား ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်သည်ဟု သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် တအာင်းအမျိုးသားပညာရေးကော်မတီ-TNEC၏ ဦးဆောင်မှုဖြင့် တအာင်းပြည်နယ်အတွင်း အခြေခံပညာရေးကျောင်းပေါင်း (၃၈၀)ကျော်အား သင်ကြားရေး ဆရာ၊ ဆရာမ (၁၅၀၀)ကျော်ဖြင့် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်ဟု သိရသည်။  

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင် စသည့် မြို့(၇)မြို့ကို သိမ်းပိုက်ထားခြင်းဖြစ်သည်။

#TachileikNewsAgency