နမ်းနိန်းရွာဖြစ်စဉ် အပါအဝင်  လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သော ရာဇဝတ်မှုများ အားလုံးကို တရားမျှတမှု ပြန်လည်ရရှိရေး အလေးထားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်

နမ်းနိန်းရွာဖြစ်စဉ် အပါအဝင်  လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သော ရာဇဝတ်မှုများ အားလုံးကို တရားမျှတမှု ပြန်လည်ရရှိရေး အလေးထားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်
မတ် 16, 2023 | 2021 Military Coup

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာရှိ သံဃာတော်(၃)ပါးနှင့် အမျိုးသမီး (၁)ဦး အပါအဝင် အရပ်သားပြည်သူ (၂၂)ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပြင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ အားလုံးကို ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှုပြန်လည်ရရှိရေး အလေး ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG က ၂၀၂၃ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)တို့က ယနေ့တွင် ယင်းသို့ ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။

အာဏသိမ်း စစ်အုပ်စုသည် တိုင်းရင်းသားဒေသများသို့ ဖြတ်လေးဖြတ် စနစ်ကို ကျင့်သုံးကာ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိပြီး အရပ်သားပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အချို့ရွာသားများအား လူသားဒိုင်းအဖြစ်အသုံးချရန် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခြင်းများကို ဆက်တိုက် ကျူးလွန်နေသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် တိုင်းရင်းသား ပြည်နယ်များအတွင်း အတူတကွ နေထိုင်နေကြသော တိုင်းရင်းသားလူမျိုးများအကြား ဘာသာရေးအားဖြင့်သော် လည်းကောင်း၊ လူမျိုးအားဖြင့် သော် လည်းကောင်းသွေးခွဲခြင်း၊ တိုင်းရင်းသားလူမျိုးတူညီကြသူသော်လည်း မတူညီသော အစုအဖွဲ့များအကြား သပ်လျှိုသွေးခွဲခြင်းများကို အစဉ်တစိုက် လုပ်ဆောင်နေသာ်ဟုလည်း ထုတ်ပြန်ထားသည်။

အရပ်သားပြည်သူများအနေဖြင့် စစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်ခြင်းများမှ လွတ်ကင်းနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာပြည်နယ်၊ တိုင်းများမှ အတိုင်ပင်ခံကောင်စီများနှင့် ကာကွယ်ရေးတပ်ဖွဲ့များအားလုံး အတူတကွညှိနှိုင်းလုပ်ဆောင်နေသည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်လည်း စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်ပြီး အချက်အလက် ရယူစုဆောင်းခြင်း၊ လူသက်သေ၊ ပစ္စည်းသက်သေများ ရယူစုဆောင်းခြင်း၊ နိုင်ငံတကာတရားရေးအဖွဲ့အစည်းများသို့ ပေးပို့ခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် အတူတကွလုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းတို့ပါ မချန် ရက်ရက်စက်စက် သတ်ဖြတ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြဲမပြတ်သိရှိစေနိုင်သည့် အစီအမံများဆောင်ရွက်ရန်နှင့် ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ အလျင်အမြန်ထွက်ခွာ ရှောင်တိမ်းကြရန် မေတ္တာရပ်ခံထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာနည်းပညာနှင့် ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးခြင်း စနစ်ဆိုင်ရာ ပစ္စည်းကိရိယာများစသည်တို့ကို ထောက်ပံ့ပေးနိုင်ရန်လည်း တောင်းဆိုထားသည်။

ဒါ့အပြင် စစ်အုပ်စု အပေါင်းအပါများအပေါ်  စီးပွားရေးပိတ်ဆို့မှုအပါအဝင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင်အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီတင်သွင်းမှုနှင့်  စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းမှုများကို ပိတ်ပင်တားဆီးခြင်းများပြုလုပ်ပေးကြရန်လည်း တောင်းဆိုထားသည်။

နိုင်ငံတကာတရားရေးအဖွဲ့အစည်းများနှင့် International Criminal Court အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို မြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်စစ်ဆေးဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း စစ်ရာဇဝတ်မှုများကိုကျူးလွန်နေသည့် စစ်ကောင်စီနှင့် ယင်း၏အကြမ်းဖက်စစ်တပ်ကို နိုင်ငံအလိုက်အရေးယူဆောင်ရွက်နိုင်မည့် Universal Jurisdiction တရားရုံးများဖော်ထုတ်ပြီး ထိရောက်စွာလုပ်ဆောင်ခြင်းဖြင့်  လွတ် လပ်၍ တရားမျှတသည့် နိုင်ငံတော်သစ် တခုကိုတည်ဆောက်နိုင်ရေး ပါဝင်ပံ့ပိုးပေးနိုင်ကြရန် တိုက်တွန်းထားသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် အမြန်ဆုံး ညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် စစ်အုပ်စု၏ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်များ လျင်မြန်စွာအဆုံးသတ်နိုင်ရေး ဆောင်ရွက်ကြရန်  တိုက်တွန်းထားသည်။