ကချင်ပြည်နယ်အတွင်း တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုအား UWSA နှင့် NDAA တို့က အံ့ဩတုန်လှုပ်ကြောင်း ထုတ်ပြန်

ကချင်ပြည်နယ်အတွင်း တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုအား UWSA နှင့် NDAA တို့က အံ့ဩတုန်လှုပ်ကြောင်း ထုတ်ပြန်
အောက်တိုဘာ 27, 2022 | 2021 Military Coup| အခြားဒေသများ

 ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အနန့်ပါဒေသတွင် တေးဂီတဖျော်ဖြေပွဲကျင်းပနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ သေကြေဒဏ်ရာရမှုအပေါ် လွန်စွာအံ့ဩတုန်လှုပ်ရပါသည်ဟု UWSA နှင့် NDAA တို့က ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် ထုတ်ပြန်ချက်များ ထုတ်ပြန်လာသည်ကို တွေ့ရသည်။

 "ဂီတဖျော်ဖြေပွဲ အခမ်းအနား၌ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရပြီး အခမ်းအနားတွင် လူပေါင်းများစွာ သေကျေဒဏ်ရာ ရခဲ့သည့် ဖြစ်စဉ်သတင်းကို ကြားသိရစဉ်တွင် ကျွန်ုပ်တို့များစွာ အံ့ဩတုန်လှုပ်ခဲ့ရပါသည်။ ဤဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့ရ သည့် အပြစ်မဲ့ပြည်သူများအပေါ် နှမြောတမ်းတမှုနှင့်အတူ ကျန်ရစ်သူမိသားစုများ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်ထပ်တူဝမ်းနည်းကြေကွဲခံစားရပါသည်။   ကျွန်ုပ်တို့သည် ဤကဲ့သို့ ဆိုးဝါးလှသည့် ကိစ္စများကို ခါးသီးပြီး ဖြစ်စဉ်၏ နောက်ဆက်တွဲပြောင်းလဲ ဖြစ်ပွားလာမည့် အခြေအနေအရပ်ရပ်ကို အထူးဂရုပြုစောင့်ကြည့်နေပါသည်။"ဟု  'ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ NDAA ကလည်း အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို လွန်စွာတုန်လှုပ်မိပြီး ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းမိပါသည်ဟု ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်လာခြင်းဖြစ်သည်။

UWSA က လူ့အခြေခံအခွင့်အရေး ပဋိညာဉ်စာတမ်းအရ အပြစ်မဲ့ပြည်သူများ၊ အမျိုးသမီးနှင့်ကလေးသူငယ်များအား ပဋိပက္ခဖြစ်စဉ်တိုက်ခိုက်မှုများကြားမှ အတတ်နိုင်ဆုံး၊ အထိရောက်ဆုံးကာကွယ်စောင့်ရှောက်ရေးနှင့် ပဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းကြရန် ပဋိပက္ခတွင် သက်ဆိုင်သူအားလုံးအား တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည့်နည်းတူ NDAA ကလည်း ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖေါ်ဆောင်နိုင်ပါစေကြောင်း မျှော်လင့်ပါသည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်ပွဲလည်း မဟုတ်၊ KIO/KIA ၏ စစ်စခန်းလည်း မဟုတ်ဘဲ ဖားကန့်မြို့နယ်အတွင်း ခရီးသွားများ ခရီးတစ်ထောက်နားရာ နေရာဖြစ်သည့် အနန့်ပါဒေသတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၂၃)ရက်နေ့ညပိုင်း၌ ကျင်းပနေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ (၆၂)နှစ်မြောက်ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲအခမ်းအနားကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူဦးရေ (၈၀) ဝန်းကျင် သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး အဆိုပါ ဖြစ်စဉ်မှ ဒဏ်ရာရလူနာများအား မြစ်ကြီးနားဆေးရုံပို့ဆောင်မည့် လမ်းကြောင်းကိုပါ စစ်ကောင်စီတပ်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

 

#TachileikNewsAgency