မိုင်းဆတ်ခရိုင်အတွင်း ရွှေတူးဖော်မှုကြောင့် မယ်ဆိုင်ချောင်းအတွင်း ရေညစ်ညမ်းမှု ဖြစ်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အသိပေး ထုတ်ပြန်

မိုင်းဆတ်ခရိုင်အတွင်း ရွှေတူးဖော်မှုကြောင့် မယ်ဆိုင်ချောင်းအတွင်း ရေညစ်ညမ်းမှု ဖြစ်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အသိပေး ထုတ်ပြန်
မတ် 9, 2024 | ရှမ်းရှေ့

 မိုင်းဆတ်ခရိုင်အတွင်း အဆက်မပြတ် ရွှေတူးဖော်မှုများကြောင့် တာချီလိတ် နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေညစ်ညမ်းမှုဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး   ရေထုအရည်အသွေး နှင့် အဆိပ်သင့်မှုအတွက် အနီးကပ် စောင့်ကြည့်သင့်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ၂၀၂၄ခုနှစ် မတ်လ(၈)ရက်နေ့တွင် အသိပေး ထုတ်ပြန်လာသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေများမှာ ယခင်ကလိုမဟုတ်တော့ဘဲ ရေညစ်ညမ်းမှုဖြစ်လာနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး မယ်ဆိုင်ဘက်မှာ တာဝန်ရှိသူများ ရေများကို ဓါတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးခြင်းနှင့်အတူ ချောင်း၏ အခြေအနေများကို စောင့်ကြည့်နေလျှက်ရှိကြောင်း သိရသည်။

မယ်ဆိုင်ချောင်းအတွင်းမှ ရေများကို တာချီလိတ်ဘက်တွင် စိုက်ပျိုးရေးအတွက် အဓိက အားကိုးအားထားအနေဖြင့် ရယူသုံးစွဲမှု နည်းပါးသော်လည်း မယ်ဆိုင်ဘက်မှ စိုက်ပျိုးရေး လုပ်ကိုင်သူများမှာ မယ်ဆိုင်ချောင်းတွင်းက ရေကို အဓိက ရယူ၍ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေသည့်အတွက် မယ်ဆိုင်ဘက်က သက်ဆိုင်ရာဌာနများက စောင့်ကြည့်ပေးနေကြခြင်းလည်း ဖြစ်သည်။

မယ်ဆိုင်ချောင်းအတွင်း ရေများ ညစ်ညမ်းရောင် ဖြစ်နေသည်များနှင့် ပတ်သက်ပြီး မယ်ဆိုင်ချောင်း၏ အပေါ်ဖက် မိုင်းဆတ်ခရိုင်၏ နယ်နိမိတ်အနီး လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင် ရွှေတူးဖော်သည့် လုပ်ငန်းကို အကြီးကျယ်လုပ်ကိုင်နေသလို မိုင်းဆတ်ခရိုင်အတွင်း၌လည်း လုပ်ကိုင်နေလျှက်ရှိရာ မယ်ဆိုင်ချောင်းအတွင်း ရေများ ညစ်ညမ်းနေမှုမှာ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းမှ ရွှေလုပ်ကွက်များကြောင့် မဟုတ်ဘဲ မိုင်းဆတ်ခရိုင်အတွင်း တရုတ်နှင့် "ဝ"အဖွဲ့တို့ ပေါင်းပြီး လုပ်ကိုင်နေသည့် ရွှေလုပ်ကွက်များကြောင့်သာ မယ်ဆိုင်ချောင်းရေ ညစ်ညမ်းရခြင်း ဖြစ်သည်ဟုလည်း  တာဝန်ရှိသူများက အထက်ဌာနများသို့ အသိပေး တင်ပြထားသည်ဟု သိရသည်။