ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းအရှေ့ခရီးစဉ်တွင် ပါဝင်သည့် PSO နှင့် ယာဉ်မောင်း၏ ဓါတ်ခွဲအဖြေ၌ COVID 19 ပိုးမတွေ့

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းအရှေ့ခရီးစဉ်တွင် ပါဝင်သည့် PSO နှင့် ယာဉ်မောင်း၏ ဓါတ်ခွဲအဖြေ၌ COVID 19 ပိုးမတွေ့
ဧပြီ 23, 2020
By 🌸
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းအရှေ့ခရီးစဉ်တွင် ပါဝင်သည့် PSO နှင့် ယာဉ်မောင်း၏ ဓါတ်ခွဲအဖြေ၌ COVID 19 ပိုးမတွေ့

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရှမ်းအရှေ့ခရီးစဉ်အတွင်း လိုက်ပါလာသူ (၂)ဦးကို ဓါတ်ခွဲနမူနာ ရယူစစ်ဆေးရာ COVID 19 ရောဂါပိုးကူးစက်ခံထားရခြင်းမရှိကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ နံနက်(၇)နာရီ ဓါတ်ခွဲအဖြေတွင် သိရသည်။

“ခရီးစဉ်မှာပါတဲ့ နှစ်ယောက်လုံးက Negative ပါ”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်အတွင်း ဧပြီလ (၁၉)ရက်နေ့က ခရီးစဉ်တွင်ပါဝင်သူ (၃၀)ဦးကို ကျိုင်းတုံ၌ Rapid Test Kit ဖြင့်စစ်ဆေးရာ ရဲမှူးချုပ်၏ PSO နှင့် လွှတ်တော်ဥက္ကဌ ယာဉ်မောင်းတို့တွင် Positive ပြသဖြင့် ၎င်းတို့ (၂)ဦးအား ကျိုင်းတုံတွင် Quarantine ထားရှိကာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒါကိုစစ်လိုက်တာကလည်း အကယ်၍ Positive ဆိုရင် ဒီ Test Kit မှန်တဲ့ဟာလေးတော့  ကျွန်တော်တို့ အဖြေတစ်ခုရတာပေါ့။ နောက်တစ်ခုက ကျွန်တော်တို့အဖွဲ့တွေ  ဒါလေးနည်းနည်း  သတိထားလုပ်နိုင်တဲ့ အနေအထားလေး ရောက်သွားတာပေါ့။ မဟုတ်ရင်  ကျွန်တော်တို့က ဘာမှမဖြစ်ဘူးဆိုပြီး အိမ်ပြန်သွားမယ်၊ ရုံးတက်မယ်ဆိုရင်တော့ ပိုပြီးပျံ့နှံ့နိုင်တာပေါ့”

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

အဆိုပါ Test Kit များမှာ ပြည်နယ်အစိုးရသို့ COVID 19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်းမှုမှ ရရှိခြင်းဖြစ်ပြီး အခြား ကာကွယ်ရေး၊ ကုသရေးပစ္စည်းများနှင့်အတူ ပြည်နယ်အတွင်း ဆေးရုံအချို့တွင် ဖြန့်ဝေပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်မှာ ပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များရှိ ဆေးရုံများသို့ COVID 19 ကာကွယ်ပစ္စည်းများ ၊စားနပ်ရိက္ခာများ သွားရောက်ပံ့ပိုးသည့် ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်တွင် လိုက်ပါလာသည့် ဝန်ကြီးချုပ်နှင့်အဖွဲ့က ကျိုင်းတုံမှ တောင်ကြီးသို့ ပြန်လာပြီးနောက် မိမိတို့ဆုံးဖြတ်ချက်ဖြင့် Facilities Quarantine ဝင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ချယ်ရီထိုက် 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~