စစ်ကောင်စီသည် ကြီးမားသောစစ်ရှုံးနေမှုကို လူမျိုးရေးအမုန်းတရားဖြင့် နောက်ဆုံးထွက်ပေါက်နှင့် မထူးဇာတ်ခင်းရန် ကြိုးပမ်းနေဟု AA ထုတ်ပြန်

စစ်ကောင်စီသည် ကြီးမားသောစစ်ရှုံးနေမှုကို လူမျိုးရေးအမုန်းတရားဖြင့် နောက်ဆုံးထွက်ပေါက်နှင့် မထူးဇာတ်ခင်းရန် ကြိုးပမ်းနေဟု AA ထုတ်ပြန်

စစ်ကောင်စီသည် ကြီးမားသောစစ်ရှုံးနေမှုကို လူမျိုးရေးအမုန်းတရားများဖြင့် ဖုံးကွယ်ရန်ကြိုးစားနေပြီး နောက်ဆုံးထွက်ပေါက်နှင့် မထူးဇာတ်ခင်းရန် ကြိုးပမ်းနေကြောင်း ရက္ခိုင့်တပ်တော်(AA)က ၂၀၂၄ခုနှစ် မတ်လ(၂)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လာသည်။

စစ်ကောင်စီသည် ပြုန်းတီးလာသော တပ်သားအရေအတွက်ကို ကာမိစေရန်နှင့် တိုက်ရည်ခိုက်ရည် စစ်ရေးတာဝန် ထမ်းဆောင်လိုစိတ်များကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် အောက်တန်းကျသော နည်းလမ်းများကိုအသုံးပြု၍ နောက်ဆုံးထွက်ပေါက်နှင့် မထူးဇာတ်ခင်းရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ပြဌာန်းခဲ့သော စစ်မှုထမ်းဥပဒေကို ဗန်းပြလျက် ရခိုင်ဒေသအတွင်းရှိ မူဆလင်အသိုင်းအဝိုင်းအား နည်းလမ်းပေါင်းစုံသုံးကာ အတင်းအဓမ္မ စစ်မှုထမ်းစေရန် ကြိုးစားအားထုတ်နေသည်မှာ ကြီးမားသော စစ်ရှုံးနေမှုကို လူမျိုးရေးအမုန်းတရားများဖြင့် ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကြုံတွေ့ရတိုင်း ရခိုင်ဒေသအတွင်းရှိ ရခိုင်နှင့် မူဆလင်အသိုင်းအဝိုင်းတို့အကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ကြိုးပမ်းလေ့ရှိပြီး ယခုတစ်ကြိမ်တွင်လည်း ယခင်နည်းလမ်းဟောင်းအတိုင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေရန် လူမျိုးအသိုင်းအဝိုင်းနှစ်ခုကြား ရန်တိုက်ပေးနေသည်ဟု ဆိုသည်။

အဆိုပါလုပ်ရပ်သည် ရခိုင်ဒေသအတွင်း အတူနေထိုင်ကြသော အသိုင်းအဝိုင်းများအကြားတွက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိစ္စရပ်အား ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ကို ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီသည် ဒေသတွင်း မိတ်ဖက်နိုင်ငံကြီးများ၏ မဟာဗျူဟာမြောက်သော အကျိုးစီးပွားကို နှောင့်ယှက်ရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ၊ ဥရောပသမဂ္ဂတို့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီ၏ ယခုလုပ်ဆောင်မှုများအား ပိုမိုအာရုံစူးစိုက်စွာစောင့်ကြည့်ပြီး ကြိုတင်ဟန့်တားနိုင်ရန်နှင့် အထူးကြိုးပမ်းပေးကြရန်လည်း တိုက်တွန်းထားသည်။

မူဆလင်အသိုင်းအဝိုင်းအနေဖြင့်လည်း အနာဂတ်တွင် ငြိမ်းချမ်းတိုးတက်ပြီး ညီညွတ်မျှတသော တိုင်းပြည်ကို တည်ဆောက်လိုပါက တစ်ကမ္ဘာလုံးနှင့် တစ်နိုင်ငံလုံးမှ ဆန့်ကျင်တိုက်ခိုက်ခြင်းကိုခံနေရသော စစ်ကောင်စီ၏ စစ်မှုထမ်းစေရန် ကြိုးပမ်းအားထုတ်မှုအား ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်၊ ကန့်ကွက်ကြရန် အရေးကြီးသည်ဟုလည်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ရခိုင်ဒေသတွင်နေထိုင်ကြသည့် လူမျိုး၊ ဘာသာတိုင်းအတွက် တန်းတူညီမျှသော နိုင်ငံသားဖြစ်မှုနှင့် လူ့အခွင့်အရေးတို့ကိုရရှိနိုင်ရန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကာ မူဆလင်အသိုင်းအဝိုင်းအနေဖြင့်လည်း သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ကြရန် အကြံပြုတိုက်တွန်းသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency