ကချင်ပြည်နယ်သို့လာသည့် ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်သည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးနေဟု ABSDF ထုတ်ပြန်

ကချင်ပြည်နယ်သို့လာသည့် ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်သည့် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးနေဟု ABSDF ထုတ်ပြန်
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်သို့လာသည့် ၅/ နှင့် ၈/ မှတ်ပုံတင်ကိုင်ဆောင်ထားသော လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းများရှိနေသဖြင့် ဂရုပြုကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက သတိပေးထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်သို့သွားရာလမ်းတွင် ဖမ်းဆီးခံရသည့်လူငယ်များသည် မှတ်ပုံတင်၌ (၅/)နှင့် (၈/)ကိုင်ဆောင်သူများဖြစ်နေသည်ဟုသိရပြီး အဆိုပါသတင်းပျံ့နှံ့မည်ဆိုပါက ကားသမားများအား အရေးယူမည်ဟု အခြိမ်းခြောက်ခံထားရကြောင်း ABSDF၏ ထုတ်ပြန်ချက်အရ သိရသည်။

ခရီးဝေးသွားမည့်လူငယ်များသည် ERO နယ်မြေသို့ဖြစ်စေ၊ စီးပွားရှာရန် သွားလို၍ဖြစ်စေ သွားရောက်မည့်လမ်းကြောင်းရှိ EROများ၊ PDF တပ်ရင်းများ၊ ပကဖ၊ ပအဖ၊ ပလဖများထံ ချိတ်ဆက်အကူညီတောင်းရန်လိုကြောင်းလည်း အသိပေးထားသည်။

ထို့အပြင် FACEBOOK MESSENGER GROUPအတုများထောင်ကာ PDF အဖွဲ့များဟန်ဆောင်၍ လူငယ်များအား လိမ်လည်လှည့်ဖျားကာ ဖမ်းဆီးရန် ကြံစည်မှုများရှိနေသဖြင့် မြေပြင်၌ အမှန်တကယ် တော်လှန်ရေးလုပ်နေသည့်သူများဖြင့်သာ ချိတ်ဆက်ရန်လိုကြောင်းလည်း အသိပေးထားသည်။

ရန်ကုန်မှ တန့်ဆည်မြို့နယ် ကံထူးမရွာသို့ပြန်လာသော လူငယ်များအား မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် စစ်ကောင်စီမှ ဖမ်းဆီးခြင်း၊ စစ်ကိုင်း မုံရွာလမ်းရှိ မြင်းမူမြို့နယ်၌ လူငယ်များအား ဖမ်းဆီးခြင်း၊ ကချင်ပြည်နယ်သို့သွားသော လူငယ်များအား ရွှေဘိုမြို့နယ် လေ့ကျင့်ရေး (၈)စစ်ကောင်စီဂိတ်မှ ဆွဲချကာ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။  

အဆိုပါသတင်းများနှင့်ပတ်သက်၍ Tachileik News Agencyက သီးခြားအတည်မပြုနိုင်သေးပါ။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်းရန် ဝါဒဖြန့် စာရွက်များကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ ပဲခူတိုင်း၊ ပဲခူးမြို့နှင့် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးနီးပါးတွင် ဖြန့်ဝေနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် စစ်မှုထမ်းရေးဥပဒေကို ထုတ်ပြန်လာပြီး ဧပြီလကုန်ပါက အသက်သွင်းမည်ဖြစ်ကြောင်း ပြောဆိုခြင်းလည်းရှိနေသည်။

#TachileikNewsAgency