မြိုင်မြို့နယ်တွင် မိုင်းခွဲခံရသဖြင့် စစ်ကောင်စီတပ်က နေအိမ် ၃ လုံးနှင့် အဖွားအိုတစ်ဦးကို မီးရှို့သတ်

မြိုင်မြို့နယ်တွင် မိုင်းခွဲခံရသဖြင့် စစ်ကောင်စီတပ်က နေအိမ် ၃ လုံးနှင့် အဖွားအိုတစ်ဦးကို မီးရှို့သတ်
နိုဝင်ဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ်တွင် မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်ဖွဲ့က စီလောင်ကျေးရွာမှ နေအိမ်(၃)လုံးနှင့် အသက်(၇၀)ကျော် အဖွားတစ်ဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း မြိုင်မြို့နယ် ပကဖထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ ညပိုင်းက အင်အား (၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ ကား(၄)စီးသည် ပခုက္ကူမှ မြိုင်မြို့ဘက်သို့ ထွက်ခွာလာခဲ့ရာ ဒေသကာကွယ်ရေးတပ်များက နိုဝင်ဘာလ (၃)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းအား ကျောက်ဆောက်ကျေးရွာနှင့် ထန်ငယ်တောရွာကြားတွင် ဗိုလ်မြွေဆိုးအဖွဲ့မှ နံနက်(၁)နာရီဝန်းကျင်တွင် ပဒေသာအတွဲမိုင်း(၂)ပွိုင့်၊ ပေပါမိုင်း (၂)ပွိုင့်အပြင် နှလုံးလှလူမိုက်အဖွဲ့မှ ပဒေသာအတွဲ(၁)ပွိုင့်၊ M ဒေါင်းနီးအဖွဲ့မှ ပေပါမိုင်း(၁)ပွိုင့်တို့ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

နိုဝင်ဘာလ (၂)ရက်နေ့ကလည်း ဒေသကာကွယ်ရေးတပ်များက စစ်ကြောင်း(၃)ကြောင်းခွဲ၍ ကန်နီရွာ ပျူစောထီးစခန်းရှိ မျှော်စင်ဘန်ကာ(၃)ခုကို အဓိကထားပြီး RPG၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ရွာအနီးသို့ကပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲမှာ နံနက်(၄)နာရီခွဲဝန်းကျင်တွင် စတင်ခဲ့ပြီး (၁)နာရီခွဲခန့် ကြာမြင့်ခဲ့ကာ ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကာ ပျူစောထီး(၂)ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင် ပကဖ ရင်း၃)၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ ၂၇၊ တပ်ရင်း ၁၊ King Cobra၊ ဒေါင်းညီနောင်၊ ညီနောင်သုံးဖော်(YSO)၊ ဒေါင်းစစ်သည်၊ PKU ခရိုင် ရင်း ၁၆၊ ခွဲ ၃၊ ပခုက္ကူခရိုင် ရင်း ၁၄၊ ၁၅၊ Urban Underground Revolution UURF(YSO)၊ Pakokku Special Task Force၊ Royal Seven(Myaing)၊ မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့-MRG တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency