ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား စုံတွဲများ အငှားကိုယ်ဝန်ဆောင်၍ ကလေးမွေးနိုင်ရန် ဥပဒေ ပြင်ဆင်မည်

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား စုံတွဲများ အငှားကိုယ်ဝန်ဆောင်၍ ကလေးမွေးနိုင်ရန် ဥပဒေ ပြင်ဆင်မည်
By Mr John

 ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား စုံတွဲများ အငှားကိုယ်ဝန်ဆောင်၍ ကလေးမွေးနိုင်ရန် အငှားကိုယ်ဝန်ဆောင်ခြင်း ဥပဒေကို ပြောင်းလဲသွားရန် ထိုင်းအာဏာပိုင်များက ပြင်ဆင်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာနက ဆိုသည်။ 

လက်ရှိ ဥပဒေအရ ထိုင်းနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်မှုကို ရယူအသုံးပြုသူများမှာ ထိုင်းနိုင်ငံသားများ ဖြစ်ရမည်ဟု ပြဌာန်းထားကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာန၏ လက်ထောက် အထွေထွေညွှန်ကြားရေးမှူး Arkhom Praditsuwan  ပြောသည်။

ဥပဒေပြင်ဆင်မှုအရ နိုင်ငံခြားသား စုံတွဲများ ထိုင်းနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်မှုများ ရယူနိုင်မည် ဖြစ်သည်။ 

၎င်းတို့အနေဖြင့် အငှားကိုယ်ဝန်ဆောင်စေမည့် မိခင်များကို ခေါ်ဆောင်လာနိုင်သလို ထိုင်းအမျိုးသမီးများကိုလည်း အငှားကိုယ်ဝန်ဆောင်စေနိုင်မည်ဟု ဆိုသည်။

 အငှားကိုယ်ဝန်ဆောင်ခြင်း ဥပဒေက ကလေးရရန် ပြဿနာရှိနေသော စုံတွဲအများအပြားကို ကူညီပေးနေကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာန၏ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Sura Wisedsak က ပြောသည်။

ထိုင်းနိုင်ငံတဝန်း ဆေးခန်း (၆၇) ခု၊ ပုဂ္ဂလိကဆေးရုံ (၃၁) ခုနှင့် အစိုးရဆေးရုံ (၁၇) ခု ပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှု နေရာများတွင် သားဖွားမီးယပ်ကုသမှုများ ဝန်ဆောင်မှုပေးနေသည်။

 ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကလေးမွေးဖွားမှု အရေအတွက် (၅၀၀,၀၀၀) သို့ လျော့ကျခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း ကျဆင်းဖွယ်ရှိကြောင်း ဒေါက်တာ Sura က ပြောသည်။

ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင် လူဦးရေ (၈၀၀,၀၀၀) သေဆုံးနေရာ ထိုင်းလူဦးရေမှာ လျော့နည်းလာနေသည်ဟု ဆိုသည်။ 

ယခုအခါ ထိုင်းလူဦးရေ၏ (၂၀) ရာခိုင်နှုန်းမှာ အသက် (၆၀) နှစ်အထက် အရွယ်များဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ထိုအချိုးအစားမှာ သုံးပုံတစ်ပုံ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံတွင် မွေးဖွားနှုန်း ကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရန် Thailand Research Development Institute (TDRI) မှ သုတေသန ညွှန်ကြားရေးမှူးက အဆိုပြုထားကြောင်းလည်း သိရသည်။

Source: Bangkok Post