ဟေတီနိုင်ငံတွင် လူဆိုးဂိုဏ်းများ၏ လက်ချက်ကြောင့် ရဲအရာရှိများ သေဆုံးရမှုအပေါ်  ရဲတပ်ဖွဲ့ဝင်များက လမ်းပေါ်ထွက် ဆန္ဒပြ

ဟေတီနိုင်ငံတွင် လူဆိုးဂိုဏ်းများ၏ လက်ချက်ကြောင့် ရဲအရာရှိများ သေဆုံးရမှုအပေါ်  ရဲတပ်ဖွဲ့ဝင်များက လမ်းပေါ်ထွက် ဆန္ဒပြ
ဇန်နဝါရီ 28, 2023 | နိုင်ငံတကာသတင်း
By Mr John

ဟေတီနိုင်ငံတွင် လက်နက်ကိုင် လူဆိုးဂိုဏ်းများ၏ သတ်ဖြတ်မှုကြောင့် ရဲအရာရှိများ သေဆုံးရမှုအပေါ်  ရဲတပ်ဖွဲ့ဝင်များက အစိုးရကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး လမ်းမများကို ပိတ်ဆို့ထားခဲ့ကြောင်းနှင့် နိုင်ငံ၏ အဓိက လေဆိပ်တစ်ခုအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ 

အရပ်ဝတ်များဝတ်ထားပြီး ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ပြောဆိုကြသည့် ဆန္ဒပြသူများက ဟေတီဝန်ကြီးချုပ် Ariel Henry ၏ အစိုးရနေအိမ်ကို ပထမဆုံး တိုက်ခိုက်ခဲ့ကြကြောင်း Reuters သတင်းဌာန၏ မျက်မြင်တစ်ဦးက ပြောသည်။

ထို့နောက် ဆန္ဒပြလူအုပ်စုက အာဂျင်တီးနားနိုင်ငံမှ ဝန်ကြီးချုပ် Henry ပြန်လည်ရောက်ရှိလာမည်ဖြစ်ရာ လေဆိပ်သို့ စုရုံးချီတက်သွားခဲ့ကြသည်။ 

ဝန်ကြီးချုပ် Henry မှာ လေဆိပ်တွင် ခေတ္တပိတ်မိနေခဲ့သော်လည်း ဇန်နဝါရီလ (၂၆) ရက် နှောင်းပိုင်းတွင် ဟေတီမြို့တော် Port-au-Prince မြို့ရှိ ၎င်း၏ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်နောက်သို့ ဆန္ဒပြ ရဲတပ်ဖွဲ့ဝင်များက လိုက်ပါသွားခဲ့ကြသည်ဟု ဆိုသည်။ 

ဝန်ကြီးချုပ်၏ နေအိမ်အနီးတွင် သေနတ်သံများ ကြားခဲ့ရကြောင်း Reuters ၏ မျက်မြင်တစ်ဦးက ဆိုသည်။

ဟေတီနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဝန်ကြီးချုပ်ရုံးကမူ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြသည်။

 ဟေတီတွင် Port-au-Prince မြို့တဝိုက်နှင့် မြောက်ပိုင်းရှိ မြို့များတွင် ဆန္ဒပြသူများက လမ်းမများကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ 

ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူများကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သတင်းများက ပြောသည်။

ဟေတီ လူ့အခွင့်အရေးအုပ်စု RNDDH ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီးချုပ် Henry အာဏာရလာခဲ့ပြီးနောက်ပိုင်း လူဆိုးဂိုဏ်းများ၏ သတ်ဖြတ်မှုကြောင့် ရဲအရာရှိ (၇၈) ဦး သေဆုံးခဲ့ရကြောင်းနှင့် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် (၅) ဦး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်နှင့် ရဲချုပ် Frantz Elbe တို့မှာ ၎င်းတို့၏ အုပ်ချုပ်မှုကာလအတွင်း သေဆုံးခဲ့ရသည့် ရဲအရာရှိ (၇၈) ဦး၏ အသက်ဆုံးရှုံးမှု တစ်ခုစီတိုင်းအတွက် တာဝန်ရှိကြောင်း RNDDH က ပြောသည်။

ဟေတီတွင် ပြီးခဲ့သည့် သီတင်းပတ် တစ်ပတ်အတွင်း၌ပင် လူဆိုးဂိုဏ်းများ၏ လက်ချက်ကြောင့် ရဲအရာရှိ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်တစ်ဦး ပျောက်ဆုံးနေကြောင်းနှင့် တစ်ဦးမှာ ပြင်းထန်သည့် သေနတ်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

"မိမိတို့နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြသည့် ထိုအရာရှိများ၏ အသက်ကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့ ဘာမှမလုပ်ခဲ့ကြောင်းကို သမိုင်းက မှတ်မိနေပါလိမ့်မယ်" ဟုလည်း RNDDH က ထုတ်ပြန်ချက်တွင် ဖြည့်စွက် ပြောထားသည်။

 

Source: Reuters, AP

Photo:  REUTERS/Ralph Tedy Erol