ပူတင်က နျူကလီးယားလက်နက် သုံးလာနိုင်ခြေ ရှိသည့်အတွက်  ကမ္ဘာ့နိုင်ငံအားလုံး ပြင်ဆင်ထားသင့်ကြောင်း ယူကရိန်း သမ္မတပြောကြား

ပူတင်က နျူကလီးယားလက်နက် သုံးလာနိုင်ခြေ ရှိသည့်အတွက်  ကမ္ဘာ့နိုင်ငံအားလုံး ပြင်ဆင်ထားသင့်ကြောင်း ယူကရိန်း သမ္မတပြောကြား
By Mr John

 ယူကရိန်းနှင့် စစ်ပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ အသုံးပြုလာနိုင်သည့် ဖြစ်နိုင်ခြေအတွက် ကမ္ဘာ့နိုင်ငံအားလုံး ပြင်ဆင်ထားသင့်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက CNN သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။ 

 စစ်ကြောင့် ပျက်စီး ဆုံးထားရသည့် ယူကရိန်း ဘက်က အခြေအနေ အချို့

ပူတင်က ယူကရိန်းပြည်သူများ၏ အသက်ကို တန်ဖိုးမထားတာကြောင့် နျူးကလီးယား သို့မဟုတ် ဓာတုလက်နက် သုံးလာနိုင်သည်ဟု ကိဗ်မြို့တော်ရှိ သမ္မတရုံးခန်းတွင် သီးသန့် အင်တာဗျူးအတွင်း သမ္မတဇီလန်စကီး CNN သတင်းထောက် Jake Tapper ကို ပြောလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်မှမဟုတ်ဘူး တစ်ကမ္ဘာလုံးပဲ၊ နိုင်ငံအားလုံးက စိုးရိမ်ပူပန်ရမယ်၊ ဘာကြောင့်လဲဆိုတော့ ဒါက သတင်းအချက်အလက် အစစ်အမှန် မဖြစ်နိုင်ပေမဲ့ အမှန်တရား ဖြစ်လာနိုင်တယ်။ ဓာတုလက်နက်တွေ သူတို့ လုပ်နိုင်တယ်၊ သူတို့အတွက် လူတွေရဲ့အသက်က ဘာမှမဟုတ်ဘူး။  ကျွန်တော်တို့ မကြောက်ဘူးလို့ တွေးရမယ် ဒါပေမဲ့ အသင့်ဖြစ်နေပါစေ။ ဒါပေမဲ့ ဒါက  ယူကရိန်းအတွက်သာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတွက်လို့ ကျွန်တော်ထင်တယ်" ဟု သမ္မတဇီလန်စကီးက ပြောသည်။

သမ္မတဇီလန်စကီးသည် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေခဲ့သည့် ရက် (၅၀) ကျော် တစ်လျှောက်လုံး ယူကရိန်းတွင် ဆက်ရှိနေခဲ့သူလည်း ဖြစ်သည်။ 

ယူကရိန်းတပ်ဖွဲ့တွေက ကိဗ်မြို့တော်ကို အလျင်အမြန် တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည့် ရုရှားတပ်ဖွဲ့တွေကို ကြံ့ကြံ့ခံ ခုံခံတိုက်ခိုက်ခဲ့ကြသည်။ 

ထို့နောက် ရုရှားတပ်ဖွဲ့တွေက ကိဗ်မြို့တော် အနီးတဝိုက် နယ်မြေများမှ ပြန်ုဆုတ်ခွာသွားပြီး ၎င်းတို့၏ စစ်ပွဲကို ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်း နယ်မြေများတွင် အာရုံစိုက်ပြီး တိုက်ခိုက်ရန် ပြန်လည်စုဖွဲ့ခဲ့ကြသည်။

 ထိုနယ်မြေများတွင် လာမည့်ရက်များအတွင်း တိုက်ခိုက်မှုများ သိသိသာသာ အရှိန်မြင့်လာမည်ဟု ယူကရိန်းက ခန့်မှန်းထားသည်။

CNN နှင့် အင်တာဗျူးတွင် စစ်ပွဲအတွင်း ယူကရိန်းနှင့် ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှု အခြေအနေကိုလည်း ယူကရိန်းသမ္မတက ပြောခဲ့သည်။ 

ယခုစစ်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ မှ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ၁၀,၀၀၀ ခန့် ဒဏ်ရာရခဲ့ရာတွင်  အရပ်သား သေကျေဒဏ်ရာရသည့်စာရင်း မပါဝင်ကြောင်း CNN နှင့် အင်တာဗျူးတွင် သမ္မတဇီလန်းစကီးက ပြောသည်။ 

ဇီလန်းစကီးက စစ်ပွဲအတွင်း ရုရှားစစ်သား ၁၉,၀၀၀ မှ ၂၀,၀၀၀ သေဆုံးခဲ့သည်ဟုဆိုသော်လည်း ရုရှားဘက်က ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ရာမှာတော့ ၎င်းတို့၏တပ်ဖွဲ့ဝင် ၁,၃၁၅ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း ပြောထားသည်။

 

#TachileikNewsAgency

Photo: REUTERS/Vladyslav Musiienko