ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်တာလီဘန်အုပ်စုတို့ ရက်အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ

ပါကစ္စတန်အစိုးရနှင့် ပါကစ္စတန်တာလီဘန်အုပ်စုတို့ ရက်အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ
By Mr John

 အာဖဂန်တာလီဘန်အစိုးရ၏ အကျိုးဆောင်မှုဖြင့် ပါကစ္စတန်တာလီဘန်အုပ်စုနှင့် ပါကစ္စတန်အစိုးရတို့ကြား ရက်အကန့်အသတ်မရှိ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများတွင် သိသိသာသာ တိုးတက်မှုရှိခဲ့ကြောင်း ပါကစ္စတန်တာလီဘန် Tehrik-i-Taliban Pakistan (TTP) က ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲမှုကို နောက်ထပ် အသိပေးချက် ထုတ်ပြန်ချိန်အထိ တိုးချဲ့သတ်မှတ်ကြောင်း သိရသည်။

ပါကစ္စတန်အစိုးရ တာဝန်ရှိသူတစ်ဦးကလည်း ဆွေးနွေးမှုများမှာ အကောင်းဘက်သို့ ဦးတည်နေကြောင်း AFP သတင်းဌာနကို‌ ပြောသည်။

TTP အုပ်စုက ပါကစ္စတန် လက်နက်ကိုင်တပ်ဖွဲ့များကို နှစ်များနှင့်ချီ တိုက်ခိုက်နေခဲ့သည်။

TTP က အာဖဂန်နစ္စတန်နှင့် နယ်စပ်တစ်လျှောက် ပါကစ္စတန်နယ်မြေများတွင် ရှရီအသ်ဥပဒေကို ၎င်းတို့ကိုယ်ပိုင် အလွန်သဘောထားတင်းမာသော အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြင့် အုပ်ချုပ်ရန်လိုလားနေသည်။

တောင်တန်းထူထပ်သည့် ထိုနယ်မြေမှာ စစ်သွေးကြွလှုပ်ရှားမှုများ ကာလရှည်ကြာရှိနေခဲ့သည်။

ပါကစ္စတန်အခြေစိုက် တာလီဘန်အုပ်စု TTP က အာဖဂန်တာလီဘန်တို့နှင့် နီးကပ်သော်လည်း မရေရာသည့် ဆက်ဆံရေးရှိထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်အတွင်း အာဖဂန်တွင် တာလီဘန်အုပ်စုက ထိန်းချုပ်လာခဲ့ပြီးနောက် TTP က ပါကစ္စတန်တွင် တိုက်ခိုက်မှုများ အရှိန်မြှင့်ခဲ့ပြီး ဒါဇင်နှင့်ချီသည့် အစိုးရစစ်သားများကို သတ်ဖြတ်ခဲ့သည်။

ကဘူးလ်မြို့တွင် လက်ရှိပြုလုပ်နေသည့် ဆွေးနွေးမှုမှာ TTP အုပ်စုနှင့် Jirga ဟုခေါ်သည့် ပါကစ္စတန်နိုင်ငံရေးသမားများနှင့် လူမျိုးစုအကြီးအကဲများ ပါဝင်သော အဖွဲ့အစည်းကြားတွင် ဖြစ်သည်။

ပါကစ္စတန်တာလီဘန်အုပ်စုနှင့် ပါကစ္စတန်အစိုးရတို့ကြား အစ္စလာမ်ပွဲတော်တစ်ခုအတွက် အပစ်အခတ်ရပ်စဲထားမှုမှာ မေလ (၃၀) ရက်နေ့တွင် သက်တမ်းကုန်ခဲ့ကြောင်း သိရသည်။

ယခင်ကမူ အလားတူ သဘောတူညီချက်များမှာ လျင်မြန်စွာပင် ပျက်ပြယ်ခဲ့သည်။

အစွန်းရောက် တရားဟောဆရာတစ်ဦး၏ ဟောပြောမှုများပြုလုပ်ရာ အစ္စလာမ်မာဘတ်မြို့ရှိ Lal Masjid ဗလီကို ပါကစ္စတန်စစ်တပ်က ရှင်းလင်းရေးလုပ်ဆောင်ခဲ့ခြင်းကို တုံ့ပြန်မှုအဖြစ် ပါကစ္စတန်တာလီဘန်အုပ်စု TTP ကို ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

TTP တည်ထောင်သူ Baitullah Mehsud မှာ တစ်ချိန်က ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ ISI နှင့် နီးကပ်သည့်ဆက်ဆံရေးရှိသူဟု ဆိုသည်။

Source: BBC

Photo:  AFP,