တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲ အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ အကြိမ်ပေါင်းများစွာ ဓါးပြတိုက်သည့် အဖွဲ့ကို ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲ အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ အကြိမ်ပေါင်းများစွာ ဓါးပြတိုက်သည့် အဖွဲ့ကို ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်၊ ရဲနှင့်ပြည်သူ့စစ်များအဖြစ် အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ  အကြိမ်ပေါင်းများစွာ  ဓါးပြတိုက်သည့်  အဖွဲ့ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း၊ စိုက်ပျိုးရေးလမ်းရှိ ခရိုင်ကော်မရှင်ရုံးအိမ်ရာဝန်းအတွင်း နေအိမ်တွင် နေထိုင်သူ  တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး၏ နေအိမ်အား  စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့၊ည (၁၁)နာရီ အချိန်ဝန်းကျင်၌ ဝင်ရောက် စစ်ဆေးရာမှ ဓါးပြတိုက်ရန် ဆွေးနွေးနေချိန်တွင် တရားခံများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ  တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အသက်(၃၂)နှစ်အရွယ် အေးကိုကိုဦး နှင့် အတူ အသက်(၂၀)နှစ်အရွယ် စိုင်းမောင်ထွန်း(ခ)အိုက်ပီး၊ အသက်(၂၇)နှစ်အရွယ် စိုင်းလှမောင်၊ အသက်(၁၈)နှစ်အရွယ် စိုင်းခမ်းတွီ၊ အသက်(၃၈)နှစ်အရွယ် ရဲသီဟလွင် နှင့် အသက်(၂၀)နှစ်အရွယ် ကျိုင်းစံဟိုင်း တို့ကို တစ်နေရာတည်းတွင် ဖမ်းဆီးရမိခြင်း ဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့်  အသက်(၂၅)နှစ်အရွယ် စိုင်းဆိုင်မိန်းကို ဆေခမ်းရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထဲမှာ သိမ်းဆည်းရရှိသည့် သေနတ်များမှာ ဩစတေးလျ နိုင်ငံထုတ် STEYR M9 A1 ပစ္စတို သေနတ်(၁)လက်၊  တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊  COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ USA နိုင်ငံထုတ်၊ M4 A1 Carvine M-320461  (၁)လက်၊ ပွိုင့် ၂၂  သေနတ်အရှည်(၁)လက် နှင့် တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁)လက် စုစုပေါင်း သေနတ်မျိုးစုံ (၆)လက် နှင့်အတူ အဆိုပါ သေနတ်များနှင့်အတူ အသုံးပြုသည့် ကျည်ဆံမျိုးစုံ (၉၇)တောင့်ကိုလည်း သိမ်းဆည်းရမိကြောင်း သိရည်။ 

ယင်းအပြင် ဓားရှည်(၁)ချောင်း၊  နံပါတ်ထုတ်(၁)ချောင်း၊ စကားပြောစက် (၁)လုံး အပါအဝင် လက်ထိပ်များနှင့် ရဲဝတ်စုံ၊ ပြည်သူ့စစ်ဝတ်စုံနှင့်  ပြောက်ကျားဝတ်စုံများ၊ အပြင် ဓါးပြတိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။  

၎င်းတို့ အသုံးပြုသည့်    Honda Fit အမျိုုးအစား စိမ်းနုရောင် ကား (၁)စီးနှင့် Crown အမျိုးအစား အဖြူရောင်ကား(၁)စီး  တစ်စီးတို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်၊ ပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ပြီး လက်နက်များ ကိုင်ဆောင်ကာ မိုက်ကြေးခွဲခြင်းနှင့်အတူ ဓါးပြတိုက်ခြင်းများ အစဉ်တစိုက် လုပ်ဆောင်နေသည့် အဖွဲ့များထဲက (၇)ဦးကို လက်ရှိတွင် ဖမ်းဆီးရမိထား၍ စစ်ကြောနေလျှက်ရှိပြီး ဆက်လက်၍လည်း ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရန် ကြိုးပမ်းနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး ဦးဆောင်သည့် ဓါးပြအဖွဲ့၏ အင်အားမှာ (၇)ဦးတည်းမဟုတ်ဘဲ အများအပြားရှိနိုင်ပြီး ၎င်းတို့သည် နောက်ဆုံးအနေဖြင့် ၂၀၂၄ခုနှစ်၏ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလအတွင်း ဆက်တိုက် ဓါးပြမှုများ ကျူးလွန်ခဲ့သည့်အပြင် ဓါးပြမှုတခုတွင် နေအိမ်ပိုင်ရှင်က သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၍ ခြေထောက်တွင် တစ်ဦး ကျည်ထိမှန်သည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။

အလားတူပင် တာချီလိတ်မြို့၌ ယခင် တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးညီညီဌေး၏ သားဖြစ်သူ  မြင့်မြတ်အောင်(ခ)ဖိုးသားကြီး ဦးဆောင်ပြီး သေနတ်များကိုင်ဆောင်ကာ ဓါးပြတိုက်သည့်အဖွဲ့ကိုလည်း တာချီလိတ်ရဲတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့အကူး နံနက် (၂)နာရီခွဲဝန်းကျင်အချိန်က ဖမ်းမိထားပြီနောက် ဆက်လက်၍ ထပ်မံထွက်ပေါ်လာသည့် ယခု ဓါးပြအဖွဲ့ကိုလည်း ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။