စစ်ကောင်စီဗဟိုအဖွဲ့ဝင် ပူဂင့်ကမ်းလျန် နေရာကို ချင်းပြည်နယ်ကြံ့ဖွံ့ ဥက္ကဌ နှင့် အစားထိုး

စစ်ကောင်စီဗဟိုအဖွဲ့ဝင် ပူဂင့်ကမ်းလျန် နေရာကို ချင်းပြည်နယ်ကြံ့ဖွံ့ ဥက္ကဌ နှင့် အစားထိုး
ဖေဖော်ဝါရီ 17, 2023 | 2021 Military Coup| အခြားဒေသများ

စစ်အုပ်စုအာဏာသိမ်းပြီး (၂)နှစ်ပြည့်အလွန်တွင် ထပ်မံပြောင်းလဲ ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ပူဂင့်ကမ်းလျန်က ရာထူးကို လက်မခံသဖြင့် ကြံ့ဖွံ့ပါတီဝင်တစ်ဦးနှင့် အစားထိုးကြောင်း စစ်အုပ်စုက ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ ညပိုင်းတွင်  သတင်းထုတ်ပြန်လာသည်။

ပူဂင့်ကမ်းလျန်သည် ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အာဏာသိမ်း ( ၂ )နှစ်ပြည့်ပြီးနောက် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် စစ်ကောင်စီစာရင်းမှာ ပါဝင်နေခြင်းသည် ကြိုတင်အသေးစိတ် သဘောတူညီချက်မယူဘဲ အမည်ထည့်သွင်း ဖော်ပြခံခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးအရ မပါဝင်နိုင်ကြောင်းလည်း ၎င်းဘက်က ငြင်းဆိုခဲ့ဖူးသည်။ 

ပူဂင့်ကမ်းလျန်သည် ပြီးခဲ့သည်  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ( ၅ )အမျိုးသားလွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူလည်း ဖြစ်ကာ စစ်အုပ်စုက မည်သည့်အတွက်ကြောင့် အစားထိုးလိုက်သည့်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ပူဂင့်ကမ်းလျန်၏ နေရာကို အစားထိုးလိုက်သူမှာ ချင်းပြည်နယ်၏ ကြံ့ဖွံ့ပါတီဥက္ကဌ ဒေါက်တာ မှုထန်ဆိုသူဖြစ်ပြီး ၎င်းသည် ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ဒါ့အပြင် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ်မှ  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ထပ်ဖြစ်လာခဲ့သည်။ 

၎င်းသည်လည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲရလဒ်နှင့်ပတ်သက်၍ ကြံ့ဖွံ့ပါတီဝင်များ ဆန္ဒပြချိန်တွင် ၎င်းမှာတိုင်ကြားမှုသာပြုလုပ်ခဲ့သည်။

 

အဆိုပါအချက်များကြောင့် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၏ ညပိုင်းတွင် ထန်တလန်မြို့နယ်ရှိ ၎င်းနေအိမ်ရှေ့၌ ဗုံးပေါက်ကွဲခဲ့‌သေးသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ်နေရာယူပြီး အသစ်ဖွဲ့ထားသည့် စစ်ကောင်စီအဖွဲ့တွင် အဖွဲ့ဝင် ၂၀ ဦးထည့်သွင်း ဖွဲ့စည်းထားခြင်းလည်း ဖြစ်သည်။