စစ်ကောင်စီနှင့် ရုရှားတို့ ဥက္ကဌလုပ်သည့်ပွဲ တရုတ်၊ အိန္ဒိယနှင့် အာဆီယံ စစ်တပ်ဘက်ဆိုင်ရာများ တက်ရောက်နေ

စစ်ကောင်စီနှင့် ရုရှားတို့ ဥက္ကဌလုပ်သည့်ပွဲ တရုတ်၊ အိန္ဒိယနှင့် အာဆီယံ စစ်တပ်ဘက်ဆိုင်ရာများ တက်ရောက်နေ
သြဂုတ် 2, 2023 | 2021 Military Coup

အာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားတို့ ပူးတွဲတာဝန်ယူပြီး တရုတ်နှင့် အိန္ဒိယတို့ပါ တက်ရောက်နေသည့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းပူးပေါင်း Table Top Exerciseလေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါပွဲကို စစ်ကောင်စီနှင့် ရုရှားတို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး အာဆီယံနိုင်ငံများ စစ်ဘက်ဆိုင်ရာ အရာရှိများလည်း တက်ရောက်နေသည်ဟု သိရသည်။

ယမန်နေ့ ဩဂုတ်လ (၁)ရက်နေ့ကလည်း စစ်ကောင်စီသည် ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ Hilton Hotel၌ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ အစည်းအဝေးသို့ စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်ကောင်စီတပ် အရာရှိများ တက်ရောက်ကြပြီး ရုရှားစစ်တပ်မှ စစ်ဦးစီးချုပ်ရုံး အကြီးအကဲနှင့် ပထမ၊ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel General Kim Alexey Rostislavovichနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး မြန်မာ-ရုရှား  ပူးတွဲအကြမ်းဖက်တိုက်ဖျက်ရေး ကော်မတီ ပူးတွဲ ဥက္ကဋ္ဌများက အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ် ရေးထိုးကြကာ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ခဲ့ကြသည်ဟု ဆိုသည်။

#TachileikNewsAgency