TNLA ၏ အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ

TNLA ၏ အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲကျင်းပ
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ TNLA တပ်မဟာ (၂)စစ်ဒေသတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အလုပ်သင်အရာရှိနှင့် ဗိုလ်သင်တန်းကျောင်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် PSLF/TNLA ဒုဥက္ကဌ(၁) ဗိုလ်ချုပ်တားဂျုတ်ဇား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် နှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိူဝ်ပ္လါင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

အပတ်စဉ် ၃ တအာင်းအလုပ်သင်အရာရှိသင်တန်းမှ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ပြီး အပတ်စဉ် ၂ဗိုလ်သင်တန်းဆင်းပွဲမှ ဗိုလ်လောင်း(၅၁)ဦးကို အရာရှိအဖြစ် တင်မြှောက်ခဲ့ကြောင်း သိရသည်။ 

အပတ်စဉ်(၂) ဗိုလ်သင်တန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလက  ဖွင့်လှစ်ကာ ဗိုလ်၊ အရာရှိ (၅၁)ဦး မွေးထုတ်နိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကလည်း အပတ်စဉ် ၁ ဗိုလ်သင်တန်းကျောင်းမှ ဗိုလ်၊ အရာရှိ (၅၁)ဦးသင်တန်းဆင်းနိုင်ပြီဖြစ်၍  အမျိုးသမီးဗိုလ်၊ အရာရှိ (၅၄) ဦးအပါ အရာရှိစုစုပေါင်း(၁၆၀)ဦး သင်တန်းဆင်းထားပြီးဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း လေကြောင်းပါအသုံးပြု၍ TNLA ဒေသကို အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး TNLA အပါအဝင် မဟာမိတ်ညီနောင် (၃)ဖွဲ့ကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲမည်ဟု နှစ်သစ်ကူးထုတ်ပြန်ချက်ဖြင့် ကြေညာထားခြင်းဖြစ်သည်။