အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထား၊ လက်နက် ၄၀ ကျော်ရရှိ

အာရှလမ်းပိုင်းနှင့် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထား၊ လက်နက် ၄၀ ကျော်ရရှိ
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ဘားအံ-မြဝတီလမ်း(အာရှလမ်းပိုင်း)နှင့် ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများအား KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ KNLA နှင့် PDF ပူးပေါင်းတပ်များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ  ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်း၊ လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်တို့ကို စတင်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် ဒီဇင်ဘာလ (၄)ရက်နေ့တွင် ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသော အမှတ် (၃) ဂိတ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဘားအံ-မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်းတွင်တပ်စွဲထားသော အထိုင်စခန်းတို့ကို သိမ်းယူရရှိခဲ့သည်ဟု သိရသည်။

ဆက်လက်တိုက်ခိုက်ရာ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသောနေရာ၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တောင်ကြာအင်းရဲစခန်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ဘားအံ - မြဝတီလမ်း (အာရှလမ်းပိုင်း)ပေါ်ရှိ စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သော ရေကူးကန်နှင့် ဆီဆိုင်ဂိတ်စခန်းများအား သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ကာ အားအံ-မြဝတီ(အာရှလမ်းပိုင်း)နှင့် မြို့ပေါ် ဧရိယာ(၆၀)ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fက ဆိုသည်။

ထို့အပြင် ယနေ့အထိ စစ်ကောင်စီတပ်မှ လက်နက်ချအညံ့ခံသူ (၁၄)ဦးရှိပြီဖြစ်ကာ သေဆုံးသူ (၃၀)ဦး၊ ဒဏ်ရာရသူ အများအပြားရှိကာ လက်နက် (၄၆)လက်ကို ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း ပူးပေါင်းတပ်များဘက်က ရဲဘော်(၇)ဦး ကျဆုံးပြီး စစ်ကောင်စီတပ်၏ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦး သေဆုံးသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဥ်ပစ်ခတ်နေပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား ခိုးယူခြင်းများလည်း ရှိနေသည်ဟု ဆိုသည်။

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ရှောင်တိမ်းနေရပြီး KNU မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်  MOD၏ ပြည်သူလူထုလုံ ခြုံရေးဌာနတို့ကပူးပေါင်းကာ ကူညီထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F