ဒီပဲယင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက် မွှေနှောက်နေ၍ ကျေးရွာ (၅)ရွာမှ ဒေသခံများ ကျည်လွတ်ရာ ထွက်ပြေးနေရ

ဒီပဲယင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက် မွှေနှောက်နေ၍ ကျေးရွာ (၅)ရွာမှ ဒေသခံများ ကျည်လွတ်ရာ ထွက်ပြေးနေရ
သြဂုတ် 13, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို သေနတ်ပစ်ဖောက်ကာ ဝင်ရောက်မွှေနှောက်နေသဖြင့် ‌ကျေးရွာ(၅)ရွာမှ ဒေသခံများ ယနေ့ဩဂုတ်လ(၁၃) ရက် နေ့လည်ပိုင်းတွင် ကျည်လွတ်ရာ ထွက်ပြေးနေကြရကြောင်း သိရသည်။

ထွက်ပြေးနေရသည့်ကျေးရွာများမှာ ရွှေတိုက်ရွာ၊ ဟင်္သာ၊ အုပ်ရှင်းကြီး၊ ဖုတ္ထန်းတော၊ မိချောင်းအိုင် စသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ယမန်နေ့ ဩဂုတ်လ(၁၂)ရက်နေ့က  မူးသစ်ကျေးရွာဘက်သို့ ဝင်ရောက်လာပြီး မူးကမ်းကြီး အရှေ့ပိုင်း တံတားဦးကျောင်းအတွင်းနှင့် မူးသစ်ကျေးရွာထဲတွင် နှစ်ဖွဲ့ခွဲနေရာယူကာ ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များခြောက်လှန့်ပစ်ခတ်ကာ တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယနေ့ဩဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းကစတင်ကာ လက်လှုပ်ရွာမြောက်ရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ကျန်တစ်ဖွဲ့မှာ မူးသစ်နှင့် ကောင်းသစ်ကြား တောတိုက်အတွင်းရှိနေကြောင်း သိရသည်။

လက်လှုပ်ရွာနှင့် မူးသစ်ရွာများကို ဝင်ရောက်နေသော စစ်ကောင်စီတပ်သည် မိချောင်းအိုင်၊ ဖုတ္ထန်းတောကျေးရွာအနီးမှဖြတ်၍ ဖုတ္ထန်းတောရွာတောင်ဘက် ကပ်လျက်ရှိသော လက်ခုပ်ပင်မြောက်အင်းကျောင်းကိုရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နတ်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် လက်ရှိတွင် မူးသစ်ကျေးရွာမှ ကလေးမိခင်တစ်ဦး လက်နက်ကြီး ထိမှန်ထားကြောင်း သိရသည်။

 Photo: ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့