ရဲအရာရှိ အများအပြား အကြွေးနွံနစ်နေပြီး ဒေဝါလီခံရလုနီးနီး ဖြစ်နေကြောင်း ထိုင်းရဲချုပ် ပြောကြား

ရဲအရာရှိ အများအပြား အကြွေးနွံနစ်နေပြီး ဒေဝါလီခံရလုနီးနီး ဖြစ်နေကြောင်း ထိုင်းရဲချုပ် ပြောကြား
ဖေဖော်ဝါရီ 24, 2024 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲအရာရှိ အများအပြား အကြွေးနွံနစ်နေကြပြီး အကြွေးပမာဏ စုစုပေါင်း ဘတ် (၃၀၀) ဘီလီယံခန့်ရှိကြောင်းနှင့် အများစုမှာ ဒေဝါလီခံ (လူမွဲအဖြစ်ခံယူ) ရလု နီးနီးဖြစ်ကြောင်း ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol က ပြောကြားလိုက်သည်။ 

လွှတ်တော်ကော်မတီက ၂၀၂၄ ခုနှစ် ဘတ်ဂျတ်အသုံးစရိတ် ဥပဒေမူကြမ်းကို သုံးသပ်မှုအတွင်း မေးခွန်းများကို တုံ့ပြန်ဖြေကြားရာတွင် ရဲချုပ်က ထိုသို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် လွှတ်တော်ကော်မတီက တော်ဝင်ထိုင်းရဲတပ်ဖွဲ့ Royal Thai Police (RTP) အတွက် လျာထားဘတ်ဂျတ် ဘတ် (၁၁၇) ဘီလီယံနှင့် ပတ်သက်၍ ရဲချုပ်ကို ဆင့်ခေါ်မေးမြန်းခဲ့သည်။ 

ရဲအရာရှိ အများအပြားမှာ ငွေရေးကြေးရေး အဆင်မပြေကြဘဲ စုစုပေါင်း ဘတ် (၃၀၀) ဘီလီယံခန့် အကြွေးတင်နေကြကြောင်းနှင့် လူမွဲအဖြစ် ကြေညာခံရမည့် အန္တရာယ်ရှိနေကြောင်း ရဲချုပ်က လွှတ်တော်ကော်မတီကို ပြောခဲ့သည်။

ရဲအရာရှိများမှာ အိမ်တစ်လုံး ပိုင်ဆိုင်ရန်ပင် ရုန်းကန်နေရသည်ဟုလည်း ၎င်းကဆိုသည်။ 

"တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်လို့ အရာရှိတွေအတွက် အိမ်ခန်းတွေ ဆောက်လုပ်ဖို့ ကျွန်တော် ဘတ်ဂျတ်တောင်းနေတာပါ။ သူတို့ရဲ့ လူနေမှုအခြေအနေ တိုးတက်မြင့်မားလာရင် တာဝန်ထမ်းဆောင်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ပိုပြီး စိတ်ဓာတ်တက်ကြွလာပါလိမ့်မယ်" ဟု ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol က လွှတ်တော်ကို ပြောခဲ့သည်။

ပြီးခဲ့သည့် (၃) နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ရဲတပ်ဖွဲ့ဝင်အင်အား ပြတ်လပ်မှုကိုလည်း ရဲချုပ်က ထောက်ပြခဲ့သည်။ 

ဥပမာအားဖြင့် ဘန်ကောက်မြို့အနီးရှိ ရဲစခန်းတစ်ခုတွင် ရဲအရာရှိ (၂၀၀) တာဝန်ချထားရန် ဖြစ်သော်လည်း လက်ရှိတွင် ထိုအရေအတွက်၏ ထက်ဝက်မျှသာရှိကြောင်း ရဲချုပ်က ဆိုသည်။ 

ထိုရဲစခန်းမှာ ၎င်း၏ စီရင်ပိုင်ခွင့်အောက် ရပ်ကွက်များရှိ စာရင်းမသွင်းထားသော လူဦးရေ အပါအဝင် လူ (၄၀၀,၀၀၀) ဝန်းကျင်အတွက် တာဝန်ထမ်းဆောင်နေရသည်ဟု ထိုင်းရဲချုပ်က ပြောသည်။

Source: Bangkok Post