အာဏာသိမ်းစစ်တပ်ကို ပြည်သူများအထင်လွဲမှားစေရန် ပြုမှုသည်ဟုဆိုကာ ကျိုင်းတုံဟစ်တိုင် Facebook Group ၏ Admin ဖြစ်သူအား အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ချ

အာဏာသိမ်းစစ်တပ်ကို ပြည်သူများအထင်လွဲမှားစေရန် ပြုမှုသည်ဟုဆိုကာ ကျိုင်းတုံဟစ်တိုင် Facebook Group ၏ Admin ဖြစ်သူအား အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်ချ
ဒီဇင်ဘာ 30, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျိုင်းတုံဟစ်တိုင် Facebook Group ၏ Admin ဖြစ်သူကို အာဏာသိမ်းစစ်တပ်အား ပြည်သူများအထင်လွဲမှားစေရန် ပြုမှုသည်ဟု စရဖက စွတ်စွဲကာ ဖမ်းဆီးပြီး  ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် အမြင့်ဆုံးထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က ကျိုင်းတုံဟစ်တိုင် Facebook Group ၏ Admin ဖြစ်သူ ကိုသီဟ(ခေါ်)ကိုကျော်သီဟဆိုသူ၏ နေအိမ်သို့ အာဏာသိမ်းစစ်တပ်၏ စရဖ/စရတ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)မှ တပ်ကြပ်ကြီး မိုးကျော်(တပ်/၂၈၈၁၁၉ ) နှင့် မြို့နယ်ထွေအုပ်မှ ဒုဦးစီးမှူး ဦးဝင်းအောင်မျိုးတို့ ပါဝင်သည့်အဖွဲ့က သွားရောက်ကာ စစ်ဆေးမေးမြန်းစရာရှိ၍ဟုပြောဆိုကာ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အပေါ် ပြင်သူများအထင်အမြင် လွဲမှားစေမည့် စာသားနှင့်ရုံပုံများအား ကျိုင်းတုံဟစ်တိုင် Facebook Group တွင် လာတင်ကြရာ Admin ဖြစ်သူ ကိုကျော်သီဟ က လက်ခံပေးခြင်းကြောင့်ဟုဆိုကာ စရဖ/စရတ မှ တပ်ကြပ်ကြီး မိုးကျော်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။



"ကိုသီဟကို ဒီကောင်တွေ မနေ့က အလုပ်နဲ့ထောင်ဒဏ်(၃)နှစ်ချလိုက်တယ်လို့ ကြားတယ်။ ရုံးချိန်းတောင် (၂)ကြိမ်ပဲ ထုတ်တာလို့လည်း ကြားတယ်။ တရားသူကြီးလည်း စဉ်းစားဉာဏ်မရှိတော့ဘူးလားမသိဘူး။ စစ်တပ်က ခိုင်းတာကိုပဲ လုပ်နေရပုံထင်တယ်။  ကျိုင်းတုံမှာက အခုလိုမျိုး အကြောင်းမဲ့ ဖမ်းတာက များတယ်။ အဓိက ကတော့ စရဖပါပဲ ရဲထက်ဆိုးတဲ့ လူတွေ။ လုပ်ချင်သလို လုပ်နေတာ ဒါကို အထက်က သူတို့အဘကလည်း ယုံတာပဲ။ ပြည်သူတွေကတော့ မတရားခံရတယ်။။ ကျိုင်းတုံဟစ်တိုင်မှာ ပိုစ့်တွေ အမျိုးမျိုးတင်နေတာတွေ့တာပဲ။ စစ်တပ်ကောင်းကြောင်း တင်တော့ မပြောဘဲ မကောင်းကြောင်းတင်တော့ လက်ခံပေးတာနဲ့တင် ဖမ်းတယ်ဆိုတော့ စဉ်းစားကြည့်ပေတော့ဗျာ"ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

စရဖ၏ တရားစွဲဆိုမှုအပေါ် မြို့နယ်တရားသူကြီးက လက်ခံပေးပြီး အလုပ်နှင့်ထောင်ဒဏ် (၃)နှစ်အဖြစ် ဖမ်းဆီးခံထားရသည့် ရက်ပေါင်း(၂၀)ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ(၂၉)ရက်နေ့က အမိန့်ချလိုက်ပြီး သက်သေခံအဖြစ် သိမ်းဆည်းထားသည့် ကိုကျော်သီဟ ၏ လက်ကိုင်ဖုန်းကိုလည်း အယူခံရက်ကျော်က ဖျက်ဆီးရမည်ဟုလည်း  သိရသည်။

 ၅၀၅-က ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် အမြင့်ဆုံးချမှတ်ခံရသည့်  ကျိုင်းတုံ ဟစ်တိုင်   Group ၏ Admin ဖြစ်သူ  ကိုသီဟ(ခေါ်)ကိုကျော်သီဟသည် စစ်တပ်မှ အာဏာစသိမ်းသည့်  ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဖေဖေါ်ဝါရီ (၂၇) ရက်နေ့အထိ စစ်တပ်က အမှုမဖွင့်ဘဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူလည်းဖြစ်သည်။