မိုင်းယောင်းမြို့နယ်အတွင်း ဝမ်ဖတောင်တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ မီးလောင် သေဆုံး၊ ဖြစ်စဉ်ကို ဒေသခံများ စဉ်းစားမရဖြစ်နေ

မိုင်းယောင်းမြို့နယ်အတွင်း ဝမ်ဖတောင်တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ မီးလောင် သေဆုံး၊ ဖြစ်စဉ်ကို ဒေသခံများ စဉ်းစားမရဖြစ်နေ
နိုဝင်ဘာ 3, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ် - မိုင်းယောင်းလမ်းတွင် ယာဉ်တစ်စီး မီးလောင်ကာ ယာဉ်မောင်းသေဆုံးမှု ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော်လည်း မည်သို့စတင် ဖြစ်ပွားသည်ကို မသိရကြောင်း ဒေသခံများထံက သိရသည်။

တာချီလိတ်မြို့ကနေ ကုန်ပစ္စည်းများတင်ဆောင်လာပြီး ပြန်လာသည့် ယာဉ်သည်  မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စုအတွင်း ဝမ်ဖရွာအနီးတွင် ဝမ်ဖအတက်သို့ အရောက် မြေနံရံတွင် ကားမီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ မီးလောင်ကျွမ်းကာ သေဆုံးသွားခြင်း ဖြစ်သည်။

ဆီနဲ့အိမ်ဆောက်ပစ္စည်းတင်တယ် ပြောတယ်။ ယာဉ်မောင်းတစ်ယောက်တည်းပဲပါတယ်။ ဖြစ်တဲ့နေရာကတော့ စစ်တပ်နဲ့မဝေးဘူး။  ယာဉ်မောင်းက ပွဲချင်းပြီးပဲ အရိုးပဲကျန်တယ်။ ဘာကြောင့်ဖြစ်လဲဆိုတာကို ဘယ်သူမှ ခန့်မှန်းမရဖြစ်နေတယ်

ဟု မိုင်းယောင်းဒေသခံ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၃)ရက်နေ့ ညနေပိုင်းက ပြောသည်။

မီးလောင်မှုကြောင့် သေဆုံးသွားသည့် ယာဉ်မောင်းမှာ မိုင်းယောင်းမြို့ ရပ်ကွက်(၇)တွင် နေထိုင်သူ ဖြစ်ပြီး ကားမီးလောင်မှုနှင့် ပတ်သက်၍ မည်သို့ စတင်ဖြစ်ပွားသည်ကိုတော့ ဒေသခံများအနေဖြင့် စဉ်းစားမရဖြစ်နေကြောင်း သိရသည်။