ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မြို့ပေါင်း (၆)မြို့နယ်တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးများ မကြာမီကာလအတွင်း အခမဲ့ ထိုးနှံပေးသွားရန် စီစဉ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မြို့ပေါင်း (၆)မြို့နယ်တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးများ မကြာမီကာလအတွင်း အခမဲ့ ထိုးနှံပေးသွားရန် စီစဉ်နေ
သြဂုတ် 25, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း မြို့ပေါင်း (၆)မြို့နယ်တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးများ  မကြာမီကာလအတွင်း အခမဲ့ ထိုးနှံပေးသွားရန်  စီစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဆုံဆို့နာရောဂါဖြစ်ပွားမှုမှာ မြို့နယ် (၆) မြို့နယ်အထိ တိုးလာသဖြင့်  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များမှ ကာကွယ်ဆေးထိုးနှံမှုကို မရရှိသူများနေသည်ဟု သုံးသပ်သည့်အတွက် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အခြားကာကွယ်ဆေးများပါ ထိုးနှံပေးမည့် အမှီလိုက်ကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်နေပြီဖြစ်ပြီး   ဩဂုတ်လမကုန်မီ ကာလအတွင်း အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် တာချီလိတ်မြို့နယ်၌ ဇူလိုင်လ (၃)ရက်နေ့က ဆုံဆို့နာရောဂါဖြစ်ပွားမှု  စတင်တွေ့ခဲ့ရသဖြင့် လူနာနှင့်ထိတွေ့သူများ၊ အနီးဝန်းကျင်တွင်  နေထိုင်သူများမှာ  ကူးစက်ခံရနိုင်ချေရှိ၍ လူနာတွေ့ရှိရာ ဝန်းကျင်၌  လိုအပ်သူများကို ကာကွယ်ဆေးထိုးခြင်း၊  ဆေးတိုက်ခြင်းများ  ဆောင်ရွက်ခဲ့ပြီးနောက် သြဂုတ်လ၌ မြို့နယ် (၆)မြို့နယ်အထိ ဖြစ်ပွားလာခဲ့၍  ကာကွယ်ဆေးထိုးအစီအစဉ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကူးစက်ရောဂါက တစ်ယောက် ဒါမှမဟုတ် အနီးဝန်းကျင်အဝန်းအဝိုင်း (cluster) အလိုက်တွေ့ရင် Outbreak respond immunization ( ရောဂါဖြစ်ပွားရာဝန်းကျင်တွင် ကူးစက်မှုမရှိစေရန် လိုအပ်သူများအား ကာကွယ်ဆေးထိုးပေးခြင်း)ပေါ့။ အခုက ဆုံဆို့နာရောဂါတွေ့တယ်ဆိုတော့ ဆုံဆို့နာရောဂါကာကွယ်ဆေးကို သူ့ရပ်ကွက် ပတ်ချာလည်လေးကို Outbreak respond immunization လုပ်တယ်ပေါ့။ ကျွန်တော်တို့မှာ ရောဂါဖြစ်ပွားနိုင်မှုကို ခန့်မှန်းတွက်ချက်ပြီး တုန့်ပြန်ဆောင်ရွက်ရတဲ့ သတ်မှတ်ချက်လေးတွေ ရှိပါတယ်။ အဲဒီအတိုင်း လုပ်ရပါတယ်။ ဒါပေမဲ့ အခု ဆုံဆို့နာက (၆)မြို့နယ်တောင် ဖြစ်ပြီဆိုတော့ ဒါက rotating immunization coverage (ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံခြင်းအား အကြိမ်ရေပြည့်စွာရရှိမှု ) ညံ့ဖျင်းခဲ့လို့ဖြစ်တာလို့ သုံးသပ်တဲ့အတွက် နောက်တစ်ဆင့် ထပ်တက်ပါတယ်။ catch up immunization program (အမှီလိုကကာကွယ်ဆေးထိုးအစီအစဉ်) ဆိုပြီးတော့ ထပ်တက်ပါတယ်။ ဆုံဆို့ကာကွယ်ဆေးတင်မဟုတ်တော့ဘဲ တခြားကာကွယ်ဆေးတွေပါ ထပ်ထည့်ပါတယ်။ ဒါကို အမှီလိုက်ကာကွယ်ဆေးထိုးတဲ့အစီအစဉ်လို့ ခေါ်ပါတယ်။ အဲဒါလုပ်ဖို့ဆိုရင် အစီအစဉ်ဆွဲဖို့လိုပါတယ်။ ဒါကြောင့်  respond (ရောဂါဖြစ်ပွားရာနေရာဝန်းကျင်မှ ကူးစက်ခံရနိုင်သူများကို ကာကွယ်ဆေးထိုး၊တိုက်ခြင်း) လောက် ခပ်မြန်မြန်သွက်သွက်လုပ်လို့မရဘူး”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

ဆုံဆို့နာရောဂါကာကွယ်ဆေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ၊ တိုးချဲ့ကာကွယ်ဆေးထိုးအစီအစဉ်များဖြင့် အစိုးရက အခမဲ့ထိုးနှံပေးနေသည့် ကာကွယ်ဆေးများတွင် ပါဝင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသူများရှိနေ၍ ရောဂါဖြစ်ပွားမှုရှိနေသဖြင့် အမှီလိုက်ကာကွယ်ဆေးကို ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းခတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် ဆုံဆို့ရောဂါ ဖြစ်ပွားသူများကို တွေ့နေရပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့ ညနေ (၄)နာရီအထိ တာချီလိတ်မြို့တွင် ရောဂါဖြစ်ပွားသူ (၄၁)ဦးအနက် (၆)ဦးသေဆုံး၊ မိုင်းခတ်တွင် ရောဂါဖြစ်ပွားသူ (၃၂)ဦးအနက် (၂)ဦးသေဆုံး၊ မိုင်းဆတ်တွင် ရောဂါဖြစ်ပွားသူ (၂၀)ဦးအနက် (၂)ဦး သေဆုံး၊ မိုင်းတုံတွင် ရောဂါဖြစ်ပွားသူ (၁၅)ဦး၊  မိုင်းဖြတ်တွင် ရောဂါဖြစ်ပွားသူ (၃)ဦးနှင့် ကျိုင်းတုံတွင် ရောဂါဖြစ်ပွားသူ (၁)ဦးတို့ကို တွေ့ရှိရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~