၂၀၂၅ခုနှစ်တွင် လူထုဆန္ဒအခြေခံသည့် အစိုးရ ပေါ်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း TNLA ဆို

၂၀၂၅ခုနှစ်တွင် လူထုဆန္ဒအခြေခံသည့် အစိုးရ ပေါ်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း TNLA ဆို
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| ရှမ်းမြောက်

 ၂၀၂၅ခုနှစ်တွင် လူထုဆန္ဒအခြေခံသည့် အစိုးရ ပေါ်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၏ နှစ်ပတ်လည်အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ယင်းသို့ပါရှိပြီး မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ဆိုးမှ လွတ်မြောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်းရုန်းကန် တည်ဆောက်ရန် ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် မြို့ပေါင်း(၇)မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်စေရန် ဦးဆောင် စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်ကို လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်ရေးအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် တအာင်းဒေသအတွင်း အခြားလူမျိုးအဖွဲ့အစည်းများမှ အတင်းအဓမ္မစစ်သား စုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်း၊ TNLA ၏ လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက် စွက်ဖက် နှောက်ယှက်ခြင်းများ မပြုနိုင်အောင် တအာင်းဒေသရှိ လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲကာကွယ်ပြီး ပြည်သူလူထုများ၏ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် အမြန်ဆုံးအောင်မြင်ရောက်ရှိစေရန် ဦးဆောင်သွားမည်ဟု ဆိုသည်။

အဆိုပါ TNLA နှစ်ပတ်လည်အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တပ်မှူးများ၊ လုပ်ငန်းဌာနမှူးများ၊ အရာရှိအရာခံများနှင့် ဖိတ်ကြားထားသည့်ပြည်သူများ စုစုပေါင်း(၁၈၅)ဦးတက်ရောက်ခဲ့ပြီး ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။