ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံသို့ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံသို့ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
စက်တင်ဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဝေါ်လေအခြေစိုက် စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ ခမရ(၅၅၆)တပ်ရင်းမှ တပ်သား(၂)ဦးသည် KNLA ထံ  လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့  ၂၀၂၃ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်သားများမှာ အသက် (၂၀)အရွယ်များဖြစ်သည့် တပ်သား ကိုကိုနိုင်နှင့် တပ်သား အိုက်လျှန်း တို့နှစ်ဦးဖြစ်ပြီး လက်နက်ခဲယမ်းနှင့်အတူ   ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army - KNLA)၏ တပ်မဟာ (၆)၊ တပ်ရင်း (၁၀၃)၊ တပ်ခွဲ (၁)ထံသို့  ပြီးခဲ့သည့် စက်တင်ဘာလ(၆)ရက်နေ့က အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထဲမှာ တစ်ဦးသည်  MA-1 (၁)လက်၊ ၎င်းကျည်ဘောက် (၄)ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉)တောင့် နှင့် အီကွေးမင့် (၁)စုံပါလာခဲ့ပြီး အခြားတစ်ဦးမှာမူ လမ်းခရီးနှင့် အခြေနေအရကြောင့် ကိုင်ဆောင်သော လက်နက်အား ၎င်း၏တပ်ရင်းမှ ပြန်လည်သိမ်းဆည်းရမိခဲ့သည့်အတွက် ကိုယ်လွတ်ရုန်းထွက်လာရခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းဝင်ရောက်လာသော တပ်သား (၂) ဦးအား  KNLAမှ ထိုင်းဘတ်ငွေ (၅၀,၀၀၀) ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:  ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး