ဖားကန့် ဝှေခါတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါ တပ်သားတချို့ကို KIA ဖမ်းမိထား

ဖားကန့် ဝှေခါတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါ တပ်သားတချို့ကို KIA ဖမ်းမိထား
ဇန်နဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့ စစ်‌ကောင်စီတပ်၏ ဝှေခါစခန်းကုန်းအား KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားတချို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့ ညနေပိုင်းက ဝှေခါစခန်းကုန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

"စခန်းကုန်းသိမ်း‌တော့ စခန်းကုန်းကနေထွက်ပြေးတာ လိုက်ဖမ်းလို့ မိထားတာပါ။ (၅)ဦးပါ။ တခြားအချက်အလက်တော့ ပြောပြလို့မရသေးဘူး။"ဟု သတင်းအရင်းအမြစ်က Tachileik News Agencyကိုပြောသည်။

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများထဲတွင် ဗိုလ်မှူးအဆင့်အရာရှိလည်းပါဝင်နေသည်ဟု Tachileik News Agencက စုံစမ်းသိရှိရပြီး မည်သည့်အဆင့်ပါသည်ကိုမူ သက်ဆိုင်ရာတပ်များက အတည်မပြုပေးပါ။

စစ်ကောင်စီတပ်သား (၆၀)ဝန်းကျင်ရှိသည့် ဝှေခါတပ်စခန်းကို KIA ပူးပေါင်းတပ်များက ဇန်နဝါရီလ (၆)ရက်နေ့ကစတင်၍ ပိတ်ဆို့တိုက်ခိုက်နေပြီးနောက် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဝှေခါစခန်းကုန်း သိမ်းပိုက်ခံရသဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်များက ဆိုင်းတောင်ရွာအနီးတွင် ကြားဖြတ်မိုင်းခွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားများလည်း သေဆုံးခဲ့သည်။

Tachileik News Agencyက ရရှိထားသည့် ဓာတ်ပုံများအရ စစ်ကူလာသည့် စစ်ကောင်စီတပ်ကားတစ်စီးမှာ မိုင်းမိပြီး တိမ်းမှောက်သွားကာ ကားပေါ်ပါ စစ်ကောင်စီတပ်သားများလည်း သေဆုံးနေသည်ကို တွေ့ရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ရွာအတွင်းကျကာ ဒေသခံတစ်ဦးသေဆုံးသွားပြီး ဒဏ် ရာရသူများလည်းရှိကာ နေအိမ်နှင့် ဘုရားကျောင်းများလည်း ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

"ဝှေခါကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အိမ်စီးကားတွေနဲ့ သွားကြိုရင်း လိုက်လာတဲ့အဖွဲ့နဲ့ KIA တပ်တွေထိပ်တိုက်ဖြစ်ကြတာ။ ဆိုင်းအောင်ကနေ မှော်ရှန် ဆိုင်းတောင်အတွင်းထိ တောက်လျှောက်ဆုတ်ရင်းပစ်ကြတာ။ ဒေသခံတွေလည်း အကုန်ဆိုင်တွေပိတ်၊ အိမ်တွေထဲဘဲနေခဲ့ရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် ဆိုင်းတောင်တွင် တစ်ခုတည်းသော ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်းကုန်း အနီးဝန်းကျင်မှ ဒေသခံများမှာ အဆိုပါ စခန်းကိုလည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသည့်သတင်းကြောင့် ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency