ရွှေကူမြို့နယ် ရေလမ်းကြောင်းမှလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို KPDF တိုက်ခိုက်

ရွှေကူမြို့နယ် ရေလမ်းကြောင်းမှလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို KPDF တိုက်ခိုက်
စက်တင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ရွှေကူမြို့နယ် သင်္ဘောအင်းရွာအထက် ရုံးပင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မြို့လှ K-PDF တပ်ရင်းတို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့က တိုက်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြို့လှK-PDFက ယနေ့ စက်တင်ဘာလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ကချင်ပြည်နယ် ရွှေကူမြို့ဆိပ်ကမ်းမှ ရိက္ခာတင်သင်္ဘော (၆)စီး ဗန်းမော်သို့ ဆန်တက်စဥ် လုံခြုံရေးယူရန် သင်္ဘောအင်းကျေးရွာသို့ စက်တင်ဘာလ (၂၀)ရက်နေ့က တပ်မ(၈၈) လက်အောက်ခံ ခလရ (၁၂၁)၊ ခလရ(၁၀) ပူးပေါင်း(၇၇)တို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့ ခလရ(၁၀) ပူးပေါင်း(၇၇)တို့သည် ညပိုင်းတွင် စက်လှေ (၂)စီးဖြင့် ဆင်တပ်ကျေးရွာဘက်သို့ ဆင်းလာပြီး ခလရ (၁၂၁)သည် သင်္ဘောအင်းရွာမှ နောင်မိုဘက်သို့ ဆန်တက်စဥ် မြို့လှK-PDF အဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ စက်လှေသည် ကျောက်ကြိုးဘုရာအနီး  ဧရာဝတီမြစ်ဘစ်ကမ်းသို့ ကမ်းကပ်ခဲ့ရကာ ကမ်းအရောက်တွင် စက်လှေနစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီအဖွဲ့များသည် ကျောက်ကြိုးဘုန်းကြီးကျောင်းဘက်သို့ ဒဏ်ရာရသူများအားခေါ်ကာ တက်ပြေးသွားသည်ဟု သိရသည်။

#TachileikNewsAgency