မဟာအောင်မြေမြို့နယ်ရှိ ဦးပေါ်ရွှေဆိုင် ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း ၁၂၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များပါသွား

မဟာအောင်မြေမြို့နယ်ရှိ ဦးပေါ်ရွှေဆိုင် ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း ၁၂၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များပါသွား
အောက်တိုဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဦးပေါ်ရွှေဆိုင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက်ခံရကာ ငွေကျပ် သိန်း(၁၂၀၀၀)ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်၊ အကွက်အမှတ် (၅၁၀-က)၊ ၈၄လမ်း၊ ၄၁×၄၂လမ်းကြားရှိ ပေါ်ဦးရွှေဆိုင်ကို လူ(၄)ဦးက ဓားပြဝင်တိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဆိုင်ရှေ့သို့ CZI ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးက သေနတ်အတိုတစ်လက်ဖြင့် ကောင်တာအား နှစ်ချက်ပစ်ကာ ရွှေဆွဲကြိုးအကုံး(၄၀)ဝန်းကျင်နှင့် ရွှေကလစ် (၃၀)ခုတို့ကို ယူဆောင်သွားသည်ဟု သိရသည်။

ထို့နောက် (၈၄)လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားပြီးနောက် ရွှေဆိုင်အတွင်းမှ USA Auto 380 ကျည်တစ်တောင့်နှင့် ကျည်ခွံတစ်ခု၊ အရိုးအသွား(၁၀)လက်မခန့်ရှိ ဓားတစ်ချောင်းတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တရားခံအား ဖမ်းဆီးရရှိခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်ကလည်း စစ်ဆေးပြီးနောက် ပြန်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency

Photo : CJ