တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ်(၁)လ ချမှတ်

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ်(၁)လ ချမှတ်

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် တာချီလိတ်မြို့တွင် ဇွန်လ(၂၇)ရက်နေ့က ညမထွက်ရအမိန့်ချိုးဖောက်သည်ဟုဆိုကာ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပြီး ဇွန်လ(၂၈)ရက်နေ့တွင် ထောင်ဒဏ် (၁)လ ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နံနက်(၃)နာရီကျော်အချိန်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် မယ်ခေါင်ရပ်ကွက်ဘက်မှ ပါဆတ်ရပ်ကွက်ဘက်သို့ မောင်းလာသည့် ကားတစ်စီးအား တာချီလိတ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးပြီး ကားမောင်းလာသူ အသက်(၃၂)နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးအား ညမထွက်ရအမိန့်ချိုးဖောက်မှုဖွင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးသည့်နေ့မှာ တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်၍ ယနေ့ တနင်္လာနေ့ ဇွန်လ(၂၈)ရက်နေ့ တရားရုံးဖွင့်ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး ထောင်ဒဏ်(၁)လ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ညမထွက်ရအမိန့် ချိုးဖောက်သူများကို တရားရုံးက ထောင်ဒဏ်(၁)လ ချမှတ်ပြီးနောက် ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်လေ့ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်နှင့်ပတ်သက်၍ ဖမ်းချင်သလိုဖမ်းဆီးမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသလို ညပိုင်းဖွင့်လှစ်ထားသည့် KTV,Club များက ပြန်လာသူများကို စောင့်ကြို ဖမ်းဆီးမှုများရှိနေသည်ဟုလည်း လက်တွေ့ကြုံတွေ့ခဲ့ရသူများထံက သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရ အဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားသော်လည်း ဒေသအုပ်ချုပ်ရေးအာဏာပိုင်များက လောင်းကစားနှင့် KTV,Club,bar နှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။