အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်စီးနင်းမှုအတွင်း ဖမ်းသွားသည့် ကလေး ၂၀ ကျော်ကို ဘေးကင်းစွာပြန်လွှတ်ပေးရန် ကုလတောင်းဆို

အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်စီးနင်းမှုအတွင်း ဖမ်းသွားသည့် ကလေး ၂၀ ကျော်ကို ဘေးကင်းစွာပြန်လွှတ်ပေးရန် ကုလတောင်းဆို
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ မူလတန်းကျောင်းကို စာသင်ချိန်အတွင်း လေကြောင်းမှပစ်ခတ်ကာ ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်သွားသည့် ကလေးငယ် (၂၀)ကျော်ကို ဘေးကင်းကင်းဖြင့် ပြန်လွှတ်ပေးရန် ကုလသမဂ္ဂက ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် တောင်းဆိုလိုက်သည်။

လက်ယက်ကုန်းရွာ မူလတန်းကျောင်းကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က စက်တင်ဘာလ (၁၆)ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း မူလတန်းကလေးငယ် (၆)ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ဆရာ၊ဆရာမများလည်း ဒဏ်ရာရရှိခဲ့ကြသည့်အပြင် စစ်ကောင်စီတပ်က သေဆုံးသွားသည့်ကလေးငယ်များအပါအဝင် ကလေးငယ် (၂၀)ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့-UNICEF က အသေးစိတ်စုံစမ်းနေသည်ဟု စက်တင်ဘာလ (၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က မူလတန်းကျောင်းကို တိုက်ခိုက်မှုအတွင်း သားသမီးများ ဆုံးရှုံးခဲ့ကြရသည့် မိဘများ၊ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်ဟု UNICEF -Myanmar က ထုတ်ပြန်ထားသည်။