တာချီလိတ်မြို့မဈေးအနီး နမ့်ယွန်းချောင်းအတွင်း လနှင့်ချီကြာနေသည့် အမှိုက်များကို ရှင်းလင်းပြီးနောက် စည်ကမ်းမဲ့ အမှိုက်များစွန့်ပစ်သူများကို အရေးယူမည့် အစီအစဉ် ပြုလုပ်သွားမည်

တာချီလိတ်မြို့မဈေးအနီး နမ့်ယွန်းချောင်းအတွင်း လနှင့်ချီကြာနေသည့် အမှိုက်များကို ရှင်းလင်းပြီးနောက် စည်ကမ်းမဲ့ အမှိုက်များစွန့်ပစ်သူများကို အရေးယူမည့် အစီအစဉ် ပြုလုပ်သွားမည်
ဖေဖော်ဝါရီ 22, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မဈေးဖြစ်သည့် ဝမ်ကောင်းဈေးအနီး နမ့်ယွန်းချောင်းအတွင်း ရှင်းလင်းနိုင်ခြင်းမရှိဘဲ လနဲ့ချီကြာနေသည့် အမှိုက်များကို တာချီလိတ်စည်ပင်က ရှင်းလင်းလိုက်ပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေသူများကို ဒဏ်ငွေရိုက်သည့် အရေးယူမှုမျိုး နှင့်အတူ အသိပညာပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ယွန်းချောင်းအတွင်း ရှင်းလင်းနိုင်ခြင်းမရှိဘဲ လနဲ့ချီကြာနေသည့် အမှိုက်များကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က စတင်ရှင်းလင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

" Tachileik News Agency မှာ သတင်းဖော်ပြအပြီး နောက်ရက်မှာ စည်ပင်က သန့်ရှင်းရေးအမျိုးသမီးတွေ ချောင်းထဲ ဆင်းပြီး ရှင်းလင်းနေတာတွေ့ခဲ့ရတယ်။ ချောင်းထဲမှာ အမှိုက်တွေ ဘယ်လောက်ထိများလဲဆိုရင် ဘတ်ဟိုး (၂)စီးနဲ့တောင် ဆယ်ယူရတဲ့အထိပဲ။ ဒီချောင်းထဲမှာက အခုလို အမှိုက်ပြည့်တာကတော့ နှစ်စဉ် အမြဲလိုလိုဖြစ်နေတာ။ ဒီလို မဖြစ်အောင် အပြောင်းအလဲအနေနဲ့ တာဝန်ရှိသူတွေက ကြပ်ကြပ်မတ်မတ် လုပ်နိုင်ဖို့လိုသလို၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့ ဈေးသည်တွေနဲ့ အနီးဝန်းကျင်တွေက လူတွေကိုလည်း ထိထိရောက်ရောက် စံပြအဖြစ် လုပ်နိုင်ဖို့လိုတယ်။ အဲ့လို ထိထိရောက်ရောက် လုပ်တဲ့အကြောင်းကိုလည်း သတင်းတွေကနေ ဖော်ြပီး အသိသတိပေးတာမျိုးလုပ်ရင်တော့ အနည်းနဲ့အများတော့ ဆင်ခြင်သွားမယ်လို့ ယူဆပါတယ်"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပြောသည်။

အမှိုက်များပြည့်နေသည့် ချောင်းသည် တာချီလိတ်မြို့ပေါ်တွင် မိုးတွင်းကာလအတွင်း ရေကြီးရေလျှံမှု အရင်ဆုံးဖြစ်လေ့ရှိသည့် အထင်ကရ ချောင်းတစ်ချောင်းဖြစ်ပြီး နမ့်ယွန်းချောင်းသည် ယခင်က ရေစီး ရေလာ ကောင်းမွန်ပြီး ဝမ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်တွင်း ချောင်းအနီးနေသူများမှာ အဆိုပါ ချောင်းကို အဝတ်လျှော်ရေချိုးအဖြစ် အသုံးပြုခဲ့ကြရသည့် ချောင်းဖြစ်ခဲ့သော်လည်း ယခုအခါတွင် အဆိုပါချောင်းသည် အမှိုက်များစွန့်ပစ်ခြင်းနှင့် ထိန်းသိမ်းနိုင်စွမ်းကင်းမဲ့လာခြင်းတို့ကြောင့် တိမ်ကောစပြုလာဖြစ်သည်ကို တွေ့ရသည်။

အမှိုက်များပြည့်နေသည့် နမ့်ယွန်းချောင်းအတွင်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့၏ မြင်ကွင်း

"ဒီနမ့်ယွန်းချောင်းဆိုတာက ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်အထိ အဲ့ချောင်းအနီး တလျှောက်မှာ နေတဲ့ အိမ်တွေက လူတွေ ရေချိုး အဝတ်လျှော် အသုံးပြုခဲ့ကြရတဲ့ ချောင်းပေါ့။ အခုနောက်ပိုင်း ချောင်းထဲမှာ စည်းကမ်းမဲ့ အမှိုက်တွေ စွန့်ပစ်လာတာများသလို ချောင်းအတွင်း နုန်းတွေနဲ့များလာတော့ စနစ်တကျ ဆယ်ယူရှင်းလင်းတာတွေမလုပ်တော့ ချောင်းက တိမ်းကောစဖြစ်လာတယ်။ အဲ့ဒီအပြင် အိုးအိမ်တိုးချဲ့တည်ဆောက်တဲ့အခါမှာလည်း ချောင်းရဲ့ နေရာကို ဖဲ့ယူတာတွေ၊ ချောင်းကို ခွပြီး တည်ဆောက်ထားတာတွေကြောင့် ချောင်းကလည်း ကျဉ်းတထက် ကျဉ်းလာနေပြီ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက် (၁၁)ခုအနက် နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်းသို့ စီးဝင်သည့် ချောင်းများမှာ နမ့်ယွန်းချောင်းနှင့် မယ်ခေါင်ချောင်းတိုရှိရာတွင် နမ့်ယွန်းချောင်းတွင် စည်ကမ်းမဲ့ စွန့်ပစ်အမှိုက်များ စွန့်ပစ်လေ့ရှိပြီး ထိုသို့ စွန့်ပစ်ထားသည့်အခါတိုင်းတွင်လည်း စည်ပင်က လူအင်အားနှင့် စက်ယန္တရား အင်အားများကို အသုံးပြုပြီး ရှင်းလင်းရလေ့ရှိကြောင်း သိရသည်။

 

Photo: တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန