နိုင်ငံတဝှမ်းအကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသားများကို ပြည်ထောင်စုစိတ်ဓာတ်လိုနေသည်ဟုပြောဆို

နိုင်ငံတဝှမ်းအကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသားများကို ပြည်ထောင်စုစိတ်ဓာတ်လိုနေသည်ဟုပြောဆို
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

နိုင်ငံတဝှမ်း စစ်ကြောင်းများထိုးကာ ကျေးရွာများအားမီးရှို့၊ ပြည်သူကိုသတ်နေသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသားများကို ပြည်ထောင်စုစိတ်ဓာတ် လိုအပ်နေသည်ဟု ပြောဆိုသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအတွက် ပေးပို့သည့် စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် စစ်ကောင်စီအား တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ယင်းသို့ ထည့်သွင်းပြောဆိုလာခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ် နေရာဒေသအချို့အပါအဝင် နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားသည်ဟု စစ်ခေါင်းဆောင်ကပြောသည်။

စည်းလုံးညီညွတ်မှုပြိုကွဲပြီး လွဲမှားသည့်အယူအဆ၊ ကိုယ်ကျိုးအတ္တများဖြင့် လက်နက်စွဲကိုင်ကာ အချင်းချင်း အပြန်အလှန် တိုက်ခိုက်နေကြရင်း လဲပြိုသွားပြီး အချုပ်အခြာအာဏာ ဆုံးရှုံးရသည့် ဘဝသို့ ရောက်သွားနိုင်သည်ကို သတိပြုကြရန်လိုကာ ထိုအဖြစ်မျိုးမရောက်စေရန်အတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းခြင်းကို မကြိုက်သဖြင့် တော်လှန်နေပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေသည့် တိုင်းရင်းသားများအား ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့ပြီးဖြစ်သည့် သံယောဇဉ်တရားနှင့် ချစ်ခင်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီးနေသည့် ပြည်တွင်း၊ ပြည်ပ အဖျက်အင်အားစုများက သွေးခွဲရန်တိုက်နေခြင်း၊ ကျဉ်းမြောင်းသည့် လူမျိုးရေးအယူဝါဒ သွတ်သွင်းပေးနေခြင်းတို့ကို သတိပြုကာကွယ်ကြရန်လိုသည်ဟုလည်း ဆိုသည်။

အပြုနှင့် အဖျက်တို့မှ ဖြစ်ပေါ်လာသည့် အကျိုးနှင့်အပြစ်၊ အဆိုးနှင့်အကောင်းတို့ကို ဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှားကို ခွဲခြားရှုမြင်ကြရန် လိုအပ်မည်ဖြစ်သည်ဟု ပြောဆိုသည်။

စာသင်ကျောင်းများတွင်တပ်စွဲ၊ စာသင်ကျောင်းများအား လေကြောင်းမှ ဗုံးကြဲနေသည့် စစ်ခေါင်းဆောင်က အဖျက်အမှောင့် နှောင့်ယှက်ဖျက်ဆီးမှုများဖြင့် ပညာရေးကိုဟန့်တားပြီး နိမ့်ကျအောင် လုပ်ဆောင်နေသည်များကို အားလုံးက ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဟုလည်း ပြောသည်။

ရက္ခိုင့်တပ်တော်(AA)က ပလက်ဝမြို့ကို သိမ်းထားပြီဖြစ်သော်လည်း ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ ဆိပ်ကမ်းတည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေသည်ဟု ချင်းတိုင်းရင်းသားများအား ရည်ရွယ်ပြောဆိုသည်။

လက်နက်ကိုင် ဖိနှိပ်နေသည့် စစ်ခေါင်းဆောင်က လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ၎င်းတို့နှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြရန် မေတ္တာရပ်ခံသည်ဟုလည်း ပြောဆိုသည်။

#TachileikNewsAgency