ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား(၇)ဦးကို သတ်ဖြတ်ပြီး အများအပြားဖမ်းဆီးသွား

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား(၇)ဦးကို သတ်ဖြတ်ပြီး အများအပြားဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ၂၀၂၃ခုနှစ် ဇူလိုင်လ (၆)ရက်‌နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က အရပ်သား (၇)ဦးကို သတ်ဖြတ်ပြီး အများအပြားကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဝက်လက်မြို့နယ် ရွာသာကြီးမှ ထွက်လာသည့် စစ်ကောင်စီတပ်သည် မနေ့က နံနက်ပိုင်းတွင် သမ္မရိုးအရှေ့ဘက်၊ ရွှေပန်းကုံးရွာအနောက် တဝက်မကျည်းပင်အနီး၌ အရပ်သား ဈေးသည်(၅)ဦးကို ပစ်သတ်ကာ သမ္မရိုးရွာအတွင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

"အဲဒီစစ်ကြောင်းက ရွာသာကြီးရွာမှာ ညအိပ်ပြီး မနက်ကစပြီး ရွာတွေကိုစစ်ကြောင်းထိုးတာ ရွှေပန်းကုံးနဲ့ သမ္မရိုးရွာကြားမှာ ဈေးသည်တွေကို ဖမ်းခံရတာ။ ရွှေပန်းကုံးဆိုတာ ရွာကြီး။ အဲဒီရွာမှာ မနက်ခင်းဈေးရှိတယ်။ အဲဒီမှာ ဈေးသွားရောင်းတာ ဖမ်းခံရပြီး သတ်ဖြတ်သွားတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့နောက် သမ္မရိုးရွာအတွင်း အရပ်သား (၂)ဦးအား ထပ်မံ ပစ်သတ်ခဲ့သည့်အပြင် (၆)ဦး ကျည်ထိမှန်ဒဏ်ရာရရှိထားပြီး ဓားစာခံဖြစ် ဒေသခံ (၁၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် အရပ်သားများအား အရာတော်မြို့နယ် ငွေတွင်းရွာအရောက်တွင် (၁၃)ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

သေဆုံးသူ(၇)ဦးမှာ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ဖြစ်ပြီး အမျိုးသမီး(၁)ဦးမှာ ကတို့ကိုင်းကျေးရွာမှဖြစ်ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေး