ပြည်သူ့စစ် ၁၅ ဦး မဟာမိတ်တပ်များထံ လက်နက်ချအလင်းဝင်လာ

ပြည်သူ့စစ် ၁၅ ဦး မဟာမိတ်တပ်များထံ လက်နက်ချအလင်းဝင်လာ
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ခရိုင် အထူးဇုန်(၁)မှ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် (၁၅)ဦး ယမန်နေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ မဟာမိတ်တပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်လာကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း ကံမိုင်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ ခလရ (၁၄၃)မှ အင်အား(၄၁)ဦးနှင့် ပြည်သူ့စစ်တစ်ဦးတို့  ညီ‌နောင်မဟာမိတ် (၃)ဖွဲ့ထံသို့ လက်နက်ချပြီး အလင်းဝင်လာခဲ့သည်။ 

နှစ်ဦးနှစ်ဘက်မှ တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ခလရ (၁၄၃)၏ တပ်ဖွဲ့ဝင်များက လက်နက်ချပြီး အလင်းဝင်လာခဲ့ရာ (၄၁)ဦးအနက် ဒုတပ်ရင်းမှူး (၁)ဦးနှင့် တပ်ခွဲမှူး (၂) ဦး ပါဝင်သည်ဟု သိရသည်။

ထို့နောက် MNDAAမှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးအား တစ်ဦးလျှင် လမ်းစရိတ် (၁၅)သိန်း (စုစုပေါင်း သိန်း ၇၀၀ ကျော်)ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်များ၏ အောက်တိုဘာလ (၃၁)ရက်နေ့အထိ ထုတ်ပြန်သည့် စာရင်းများအရ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း အသက်မသေလိုဘဲ မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား (၁၀၀)ကျော်ရှိကြောင်း သိရသည်။

မဟာမိတ်တပ်များအနေဖြင့် စစ်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်သားများအနေဖြင့် မဟာမိတ်တပ်များနှင့် ရင်ဆိုင်ထားသော စခန်းများမှနေ၍ လက်နက်အပ်၍ သော်လည်းကောင်း၊ အလင်းဝင်၍ သော်လည်းကောင်း အမြန်ဆုံးဆက်သွယ်ရန် အသိပေးထားသည်။

အလင်းဝင်လာသူများအား အသက်အန္တရာယ်လုံခြုံရေးကို အာမခံပြီး လူ့ဂုဏ်သိက္ခာနှင့် စစ်သားဂုဏ်သိက္ခာများကို မထိခိုက်အောင် ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ မပြုလုပ်ဘဲ မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ကူညီပေးသွားမည့်အပြင် လမ်းခရီးစားရိတ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency