မန္တလေးမြို့ Passportရုံးတွင် လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦးသေဆုံး တစ်ဦးခြေထောက်ကျိုး

မန္တလေးမြို့ Passportရုံးတွင် လူအုပ်ပိပြီး အမျိုးသမီးနှစ်ဦးသေဆုံး တစ်ဦးခြေထောက်ကျိုး
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ရုံး(Passport)တွင် ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းက စာအုပ်ရရှိရန် တန်းစီရာက လူပိ၍ အသက်ရှူရပ်ပြီး အမျိုးသမီး(၂)ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် (၁၂)လမ်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လူအုပ်ကြီးတိုးဝှေ့ကြရာက လူပိ၍ အသက်ရှူကြပ်က အမျိုးသမီး(၃)ဦး သတိလစ်သွားရာက အရေးပေါ်ပို့ဆောင်လိုက်ရပြီး (၂)ဦးမှာ သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသွားသူများမှာ ညောင်ကွဲရပ်ကွက်မှ အသက်(၃၉)နှစ်အရွယ် မခိုင်ဝေနှင့် အသက်(၅၃)နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းတို့ဖြစ်ကြပြီး ကျန်တစ်ဦးမှာ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိလူငယ်များသည် အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးနေရသဖြင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်ရန် Passportရရှိရန် လျှောက်ထားမှုများလာကြပြီး နိုင်ငံအနှံ့ရှိ Passportရုံးများတွင် လူအများဖြင့် တိုး‌ဝှေ့တန်းစီနေကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ