ကန့်ဘလူ ဇီးကုန်းရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရွာသုံးရွာအား မီးရှို့ဖျက်ဆီး

ကန့်ဘလူ ဇီးကုန်းရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရွာသုံးရွာအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများက စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၅)ရက်နေ့တွင် ဇီးကုန်းရဲစခန်းအား တော်လှန်ရေးအဖွဲ့များ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က ဇူလိုင်လ (၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျေးရွာ(၃)ရွာကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

မနေ့က နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ် ကိုးမြို့ရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဆူးပုတ်ကုန်းရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုက ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆူးပုတ်ကုန်းရွာသည် ယခင်က ပထမအကြိမ် စစ်ကြောင်းထိုးခံထားရပြီး ကျေးရွာအား မီးရှို့ မခံခဲ့ရသော်လည်း ကျေးရွာအတွင်းရှိ ‌ကျွဲ၊ နွားနှင့် အဖိုးတန်ပစ္စည်းများအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ယူဆောင်သွားသည်ဟု သိရသည်။

ထို့နောက် အဆိုပါ စစ်ကြောင်းသည် ဆူးပုတ်ကုန်းရွာမှ ပြန်လည်ထွက်ခွါ၍ ဘိုကုန်းရွာသို့ ပစ်ခတ်ဝင်ရောက်ပြီး ယင်းမှတဆင့် ပေလည်ရွာနှင့် မင်းကုန်းရွာဘက်သို့ ဦးတည်ထွက်ခွါသွားပြီးနောက် နေ့လည်ပိုင်းတွင် ညောင်ဇင်ကြီးရွာသို့ ထပ်မံပစ်ခတ်ဝင်ရောက်ပြီး တတိယအကြိမ် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ညောင်ဇင်ကြီးရွာသည် အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် မတ်လတို့တွင် စစ်ကောင်စီတပ်၏ နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် (၇၂)အိမ်၊ ဆိုင်ကယ်(၁၇)စီး၊လယ်ယာသုံးထွန်စက်တစ်စီးနှင့် လက်တွန်းထွန်စက်(၃)စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့်  ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ယနေ့ ဇူလိုင်လ (၈)ရက်နေ့တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo : ဇူလိုင် ၄ ရက်နေ့ မကျီးကုန်းရွာ မီးရှို့ဖျက်ဆီးခံရသည့် မြင်ကွင်း