ဘန်ကောက်တွင် နိုင်ငံခြားသား (၂)ဦးက မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို သတ်ပြီး ဘတ်ငွေ(၅)သန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးသွား

ဘန်ကောက်တွင် နိုင်ငံခြားသား (၂)ဦးက မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို သတ်ပြီး ဘတ်ငွေ(၅)သန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးသွား
ဖေဖော်ဝါရီ 16, 2024 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဇိမ်ခံတိုက်ခန်းတစ်ခန်းအတွင်း မြန်မာစီးပွားလုပ်ငန်းရှင် အမျိုးသားတစ်ဦးကို သတ်ပြီး ထိုင်းဘတ်ငွေ (၅)သန်း ယူဆောင်ကာ စင်ကာပူသို့ ထွက်ပြေးသွားသည့်  နိုင်ငံခြားသား အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိနိုင်ရေး ထိုင်းရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) နှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

 

မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို သတ်သွားသူ (၂)ဦးမှာ အသက် (၃၂) နှစ်အရွယ် ရော်ဘင်ဆာဟာ (ခ) ဝီလီယံ နှင့် အသက် (၃၆) နှစ်အရွယ် ဗစ်စီယို ဒီလော့ မမ်ဂိုင်းကမ် (ခ) ဂျွန်တို့ဖြစ်ပြီး (၂) ဦးလုံးသည် ကင်မရွန်းနိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့  အတည်ပြုထားသည်။

ထိုအမျိုးသား (၂) ဦးက ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် ထိုင်းကို အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်လာခဲ့ကြပြီး ဘန်ကောက်မြို့ Sathon ခရိုင် Thung Mahamek ဧရိယာရှိ တိုက်ခန်းတစ်ခန်းတွင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ 

 

ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ ညပိုင်းတွင် အသက် (၅၀) ကျော်အရွယ် မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို သေဆုံးလျက်သား တွေ့ခဲ့ရသည့် ဘန်ကောက်မြို့ Sukhumvit ဧရိယာရှိ တိုက်ခန်းထဲကနေ ၎င်းတို့ (၂) ဦး ပြန်ထွက်သွားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် Thung Mehamek ရှိ ၎င်းတို့၏ တိုက်ခန်းသို့ ပြန်လာခဲ့ပြီးနောက် တက္ကစီငှားကာ ဒွန်မောင်းလေဆိပ်သို့ သွားရောက်ပြီး ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နံနက် (၅) နာရီခန့်တွင် စင်ကာပူသို့ လေယာဥ်ခရီးစဥ်ဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်သိရှိထားသည်။ 

ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့၏ ည (၁၁) နာရီခွဲခန့် ရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်ကို ကွန်ဒိုအဆောက်အအုံ၏ (၂၃) ထပ်ရှိ အခန်းအတွင်း မျက်နှာ၊ နားရွက်နှင့် ဦးခေါင်းတို့တွင် သွေးထွက်သံယို ဒဏ်ရာများနှင့် ကြမ်းပြင်ပေါ် လဲကျသေဆုံးလျက်သား တွေ့ခဲ့ရသည်။

ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို ကြည့်ရှု့  စုံစမ်းစစ်ဆေးမှုအရ မြန်မာစီးပွားရေးလုပ်ငန်းရှင်၏ တိုက်ခန်းတွင် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ ည (၁၀) နာရီ (၂၂) မိနစ်မှ (၁၀) နာရီ (၃၃) မိနစ်အထိ လူ (၄) ဦးရှိနေခဲ့ရာ

၎င်းတို့မှာ အသတ်ခံရသူ အသက်(၅၃)နှစ်ဝန်းကျင်အရွယ်ရှိ ဦးကျော်ဇေယျာဆိုသူနှင့်  မျက်မြင်သက်သေဖြစ်သည့်  မွေးစားမိခင်ဆိုသူ အမျိုးသမီး အပြင် ကင်မရွန်းနိုင်ငံသား (၂) ဦးတို့ ဖြစ်သည်။ 

သေဆုံးသူမှာ မျက်နှာ၊ နားနှင့် ဦးခေါင်းတို့တွင် သွေးများထွက်နေပြီး ပြင်းထန်သည့် ဒဏ်ရာရရှိကာ သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

  မွေးစားမိခင်ဆိုသူ အမျိုးသမီးက သတ်သွားသူများမှာ  ဂျွန်နှင့် ဝီလီယံတို့ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသား နိုင်ငံခြားငွေကြေးလဲလှယ်သည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်သလို ထိုင်းသို့ ပုံမှန်လာရောက်လေ့ရှိသူဖြစ်ကြောင်း နှင့် ဘန်ကောက် - ရန်ကုန် - ဘန်ကောက် - ဟနွိုင်းအကြား သွားလိုက် ပြန်လိုက် ခရီးသွားနေသူဖြစ်ပြီး (၅၂) ကြိမ်ခန့်ရှိမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်ဟု ဆိုသည်။ 

 

Source: Bangkok Post