ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် အပစ်ခံရသော်လည်း သေကံမရောက်ခဲ့သည့် မက္ကစီကို အမျိုးသား

ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် အပစ်ခံရသော်လည်း သေကံမရောက်ခဲ့သည့် မက္ကစီကို အမျိုးသား
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 မက္ကစီကိုနိုင်ငံမှ အမျိုးသားတစ်ဦးမှာ ဦးခေါင်းကို သေနတ်ဖြင့် အနည်းဆုံး (၂) ကြိမ် အပစ်ခံရသော်လည်း ကျည်ဆန်က ဦးခေါင်းအတွင်း ဖောက်ဝင်သွားခြင်းမရှိဘဲ ၎င်း၏ ဦးခေါင်းခွံကို ထိမှန်လွင့်စဥ်ပြီး ပြန်ကန်ထွက်သွားခဲ့ရာ သေကံမရောက်ခဲ့ဟု ဆိုသည်။

 မက္ကစီကို မီဒီယာများက ဖရန်စစ္စကိုဟုသာ အမည်ဖော်ပြထားသော ထိုအမျိုးသားမှာ ၂၀၂၃ ခုနှစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်လ (၂) ရက်နေ့တွင် မက္ကစီကိုမြို့၏ Gustavo A. Madero ရပ်ကွက်အတွင်း သွားလာနေစဥ် ကားလို့စ်အင်န်ဆိုသူ အမျိုးသားက ၎င်းအနီးသို့ ချဥ်းကပ်လာပြီး ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် (၂) ကြိမ် ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်ရသည့် အကြောင်းရင်းကို မသိရသော်လည်း ပစ်ခတ်ခံရမှုကြောင့် ဖရန်စစ္စကိုမှာ အသေးစား ဒဏ်ရာသာရခဲ့ပြီး အသက်မသေခဲ့မှုက မက္ကစီကို မီဒီယာများတွင် အထင်ရှားဆုံး ခေါင်းစီးသတင်း ဖြစ်ခဲ့သည်။ 

သေနတ်ကျည်ဆန်က ဖရန်စစ္စကို၏ ဦးခေါင်းအတွင်း ဖောက်ဝင်သွားခဲ့ခြင်း မရှိဘဲ ဦးခေါင်းခွံကို ထိမှန်လွင့်စဥ်ပြီး ပြန်ကန်ထွက်လာခဲ့သည်ဟု ဆိုသည်။ 

သေနတ်ဖြင့် ဦးခေါင်းကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရသော်လည်း ဖရန်စစ္စကို အသက်မသေခဲ့သည့် အကြောင်းရင်းကို ရှင်းပြရန် ခက်ခဲသည်။ 

သို့သော် ယခုဖြစ်ရပ်မှာ အံ့အားသင့်ဖွယ် အကြောင်းရင်းများ ပေါင်းဆုံသွားခြင်းဟု သတင်းရင်းမြစ်အချို့က ဆိုသည်။

ထိုအကြောင်းရင်းများအနက် ပထမဆုံးတစ်ခုမှာ ဖရန်စစ္စကိုအား လုပ်ကြံသတ်ဖြတ်သူ အသုံးပြုခဲ့သည့် သေနတ်ကျည်ဆန်များမှာ ဟောင်းနေပြီဖြစ်ပြီး ယမ်းမှုန့်က ပုံမှန်မဟုတ်ဘဲ စိုထိုင်းနေသောကြောင့်ဟု ယူဆကြသည်။ 

ထို့အပြင် အသုံးပြုခဲ့သော သေနတ်၏ သေနတ်ပြောင်းမှာ သေးငယ်ပြီး အလွန်တိုနေမှုက ကျည်ဆန်၏ အလျင်နှင့် ဖောက်ဝင်နိုင်မှုကို လျော့နည်းစေရာ ပစ်ခတ်ခံရသူ၏ ဦးခေါင်းခွံအတွင်း ဖောက်ဝင်မသွားဘဲ ဦးခေါင်းခွံကို ထိမှန်လွင့်စဥ်ကာ ပြန်ကန်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် အပစ်ခံခဲ့ရသော်လည်း အသေးစား ဒဏ်ရာသာရခဲ့သည့် ဖရန်စစ္စကိုက အနီးအနားရှိ လုံခြုံရေးအစောင့်အချို့ကို အော်ဟစ်အကြောင်းကြားခဲ့ပြီးနောက် ၎င်းအား လုပ်ကြံသတ်ဖြတ်သူကို အလျင်အမြန် ဖမ်းဆီးရမိခဲ့သည်။ 

ပစ်ခတ်တိုက်ခိုက်ခံရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း သက်လတ်ပိုင်းအရွယ် မက္ကစီကို အမျိုးသား ဖရန်စစ္စကိုက သူ့ကိုယ်သူ အလွန်ကံကောင်းသူဟု မှတ်ယူခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: Oddity Central