တိုင်းရင်းသားများသည် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေသဖြင့် စစ်မှုထမ်းဥပဒေကို ပြဌာန်းခြင်းဖြစ်ကြောင်း ဇော်မင်းထွန်းပြော

တိုင်းရင်းသားများသည် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေသဖြင့် စစ်မှုထမ်းဥပဒေကို ပြဌာန်းခြင်းဖြစ်ကြောင်း ဇော်မင်းထွန်းပြော
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

တိုင်းရင်းသားများသည် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေသဖြင့် နိုင်ငံတော်အတွက် စိုးရိမ်စရာအခြေအနေဖြစ်ခြင်းကြောင့် စစ်မှုထမ်းဥပဒေကို ပြဌာန်းခြင်းဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ပိုင် သတင်းဌာနများမှတဆင့်ပြောသည်။

တိုင်းရင်းသားများ၏ နောက်ကွယ်တွင်ရှိသည့် ထောက်ပံ့ပေးထားသောအဖွဲ့အစည်းများ၊ နောက်ကွယ်တွင်ရှိသည့် ထောက်ပံ့ပေးထားသည့် နိုင်ငံများအပေါ် မူတည်ပြီး တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ရေးပညာတတ်သွားမှာသိပ်စိုးရိမ်တယ်။ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ထမ်းဆောင်ရင်းနဲ့ စည်းလုံးညီညွတ်မှုရှိသွားမှာကို သူတို့သိပ်ပြီးစိုးရိမ်တယ်။ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်လာမှာကို သူတို့သိပ်ပြီးစိုးရိမ်တယ်။ ဘာ့ကြောင့်စိုးရိမ်လဲဆိုတာ ရှင်းပါတယ်။ တချို့သော တချို့သော EAOs အဖွဲ့အစည်းထဲမှာရှိတဲ့ ကျွန်တော်တို့က တိုင်းရင်းသားလို့ပြောနေကြတဲ့သူတွေဟာ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေပါပြီ။ သူတို့ရဲ့ ပြုမူပုံ၊ ပြောဆိုပုံ၊ လုပ်ဆောင်ပုံတွေကိုကြည့်ရင် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေကြောင်းတွေ့ရမှာဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းစွပ်စွဲပြောဆိုသည် အဖွဲ့၊ နိုင်ငံများက မြန်မာနိုင်ငံကို ကိုယ်စားပြုစစ်ဆင်ရေး Proxy War လုပ်ဆောင်ရင်းမှ တိုင်းရင်းသားပျောက်ကွယ်သွားခြင်းဖြစ်ပြီး နိုင်ငံတော်အတွက် စိုးရိမ်စရာကောင်းသည့်အခြေအနေဖြစ်ခြင်းကြောင့် စစ်ကောင်စီအတွက်မဟုတ်ဘဲ ရေရှည်မျှော်မှန်း၍ နောင်အစိုးရအဆက်ဆက်အတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဝါဒဖြန့်ပြောဆိုသည်။

“ဒါတွေကို မြန်မာစိတ်ရှိတဲ့ မြန်မာတိုင်း မိမိကိုယ်ကိုမိမိ We are Myanmarလို့ ယူဆထားတဲ့၊ မိမိကိုယ်ကိုမိမိ We are Myanmarဆိုပြီး မျိုးချစ်စိတ် ရှိတဲ့ နိုင်ငံချစ်စိတ်ရှိတဲ့ မိဘပြည်သူတိုင်းက နားလည်သဘောပေါက်ကြဖို့၊ ဝိုင်းဝန်းဆောင်ရွက်ကြဖို့၊ လူငယ်လူရွယ်များအနေနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးပညာဆိုတာသည် နိုင်ငံသားအားလုံး တတ်သိထားသင့်တဲ့ပညာဆိုတာကို လက်ခံသဘောပေါက်ပြီး နိုင်ငံချစ်စိတ်ရှိကြဖို့ တိုက်တွန်းလိုပါတယ်။”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် လူအင်အားနည်းနေပြီဖြစ်သည့် စစ်ကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေကို ပြဌာန်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း အတည်ပြုကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုလည်း ဖွဲ့ထားလိုက်သည်။

လက်ရှိတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency