အာဇာနည်ကိုးဦးအပြင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသားအာဇာနည်များကိုလည်း ဂါဝရပြုကြောင်း ကရင်နီအစိုးရ ထုတ်ပြန်

အာဇာနည်ကိုးဦးအပြင် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသားအာဇာနည်များကိုလည်း ဂါဝရပြုကြောင်း ကရင်နီအစိုးရ ထုတ်ပြန်
ဇူလိုင် 19, 2023 | 2021 Military Coup| ကယား

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်(၈)ဦးအပြင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသားအာဇာနည်များကိုလည်း ဂါဝရပြုကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့အတွက် ထုတ်ပြန်လိုက်သည်။

အာဇာနည်(၉)ဦး လုပ်ကြံခံရပြီးနောက် နောက်ဆက်တွဲအနေဖြင့် စုံလင်ကွဲပြားမှု အသီးသီးနှင့်အတူ သက်ဆိုင်ရာ အမျိုးသား အနာဂါတ်အတွက် လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးကို အသက်တမျှ မရှိမဖြစ် လိုအပ်နေသည့် လူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျှက်ရှိသော မြန်မာပြည်တစ်ခုလုံးတွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နှင့် သက်ဆိုင်သည့် ကိုယ်ပိုင်အစီအမံများစွာ အသက်၊ သွေးချွေး၊ ဘဝပေါင်းများစွာကို ယနေ့တိုင်‌အောင် လက်လွှတ်ဆုံးရှုံးနစ်နာခဲ့ကြရပြီး စစ်အာဏာရှင် ဝင်္ကဘာနှင့် အာဏာရှင်စနစ်၏ သံသရာနွံတော လောကငရဲသို့ ကျရောက်ခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ဆိုးရွားလွန်း၊ ကြမ်းတမ်းခက်ခဲသည့် တော်လှန်ရေးခရီးစဉ်ထဲ တဝဲလည်လည်ဖြင့် စက်ဆုတ်ရွံရှာဖွယ်ရာ စစ်အာဏာရှင်စနစ်ထဲမှ ရုန်းထွက်ရန်လည်း ယခုထိ ပင်ပန်းဆင်းရဲခြင်း၊ ဒုက္ခပေါင်းမြောက်များစွာကြားမှ သွေးမျက်‌ရည်ကျလျှက် ကြိုးစားနေကြရဆဲဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ယခုနွေဦးတော်လှန်ရေးတွင် စုံလင်ကွဲပြားမှုများအတူတကွ ပေါင်းစပ်ညှိနှိုင်းလျက် အသစ်တဖန် တည်ဆောက်နေကြပြီဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်သည်လည်း မကြာမမြင့်မီတွင် ပန်းတိုင်သို့ရောက်ရှိမည်ကို အပြုသဘောဆောင် ယုံကြည်မျှော်လင့်ပြီး သွေးမျက်ရည်များကျလျက်ပင် ပူးပေါင်းပါဝင်ဆောင်ရွက် ကြိုး‌ပမ်းနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency