ကျိုင်းတုံမြို့နယ်အတွင်း ပြည်သူ့စစ်၏ နေအိမ်တွင်  ပါဆယ်ပုံးကနေ  ဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်တနေ့တွင် အခြားရွာ၌ ပေါက်ကွဲမှု ထပ်ဖြစ် 

ကျိုင်းတုံမြို့နယ်အတွင်း ပြည်သူ့စစ်၏ နေအိမ်တွင်  ပါဆယ်ပုံးကနေ  ဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်တနေ့တွင် အခြားရွာ၌ ပေါက်ကွဲမှု ထပ်ဖြစ် 
ဖေဖော်ဝါရီ 13, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စုအတွင်း ဝမ်ကောင်းကျေးရွာတွင် ပြည်သူ့စစ်၏ နေအိမ်တွင် စစ်တိုင်း(တြိဂံဒေသတိုင်းစစ်ဌာနချုပ်)က ပေးပို့လာသည်ဟု ဆိုသည့် ပါဆယ်ပုံးကနေ  ဗုံးပေါက်ကွဲမှုဖြစ်ပြီး (၄)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ ညပိုင်းက မိုင်းဇင်းကျေးရွာအုပ်စုအတွင်း ဝမ်ကောင်းကျေးရွာတွင်  ပြည်သူ့စစ် ဦးကျာပိုး၏ နေအိမ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ရာ ဒဏ်ရာရရှိသည့် (၄)ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများရရှိထားသည်ဟု သိရသည်။

"လကုန်ခါနီးတုန်းက တိုင်း(တြိဂံဒေသတိုင်းစစ်ဌာနချုပ်)က ပေးခိုင်းလိုက်တယ်ဆိုပြီး လူနှစ်ယောက် ကားအဖြူရောင်နဲ့ လက်ဆောင်လာပေးတာ။ လာပေးတဲ့ ပုံးထဲမှာ ဆောင်းဘောက်ကြီးက သီချင်းဆိုလို့ရတဲ့ ကာရာအိုခေ ဆောင်းဘောက်လောက်ရှိတယ်။ အဲ့ဒီချိန်တုန်းက ပုံးကို မဖောက်ဘဲ ပေါက်ကွဲမဲ့ ညနေကမှ သူ့မိန်းမက သီချင်းဆိုဖို့ဆိုပြီး ပုံးကို ဖွင့်ဖောက်လိုက်တာပြီး ဆောင်းဘောက်ဖွင့်လိုက်တာနဲ့ ဗုံးပေါက်ကွဲမှုဖြစ်သွားတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အပြင်းအထန်ဒဏ်ရာရရှိသူ (၄)ဦး၏ နောက်ဆက်တွဲ အခြေအနေ နှင့် ဗုံးကွဲရသည့် အကြောင်းအရင်းကို မသိရသေးပေ။

အလားတူဖြစ်စဉ်မျိုး ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စုအတွင်း နောင်နွန်း(လားဟူ)ရွာတွင် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့  နံနက်(၈)နာရီ ဝန်းကျင်အချိန်ကလည်း ဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က အမည်မသိ လူငယ်တစ်ဦးက သုံးဘီးယာဉ်ဖြင့် ရောက်ရှိလာပြီး တာချီလိတ်က အိမ်သစ်တက် လက်အဆောင်အဖြစ် ပို့ခိုင်းသည်ဟု ဆိုကာ ဆောင်းဘောက်ပါသည့် ပါဆယ်ပုံးအား လာရောက်ပို့ဆောင်ရာမှ အိမ်ရှင်ဖြစ်သူက လက်ခံထားလိုက်ပြီးနောက်၊ အတန်အကြာတွင် ပါဆယ်ပုံးအား ဖောက်ကြည့်ရာ ဆောင်းဘောက်ဖြစ်နေ၍ အသုံးမပြုသေးဘဲ အခန်း၏ တစ်နေရာတွင် ထားလိုက်ကြောင်း သိရသည်။

ယင်းနောက် အခြားရွာတွင် ဖေဖော်ဝါရီလ(၁၁)ရက်နေ့၏ ညပိုင်းက ဆောင်းဘောက်က တဆင့် ဗုံးပေါက်ကွဲမှုဖြစ်သည်ကို ကြားသိရ၍ ကြောက်လန့်ပြီး ဆောင်းဘောက်အား လူမရှိသည့်နေရာတွင် စွန့်ပစ်ရန် စီစဉ်ထားလိုက်ပြီး ဆောင်းဘောက်အား အိမ်အပြင်တွင် ထုတ်ထားလိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်တွင် အိမ်အပြင်ထုတ်ထားသည့် ဆောင်းဘောက်ကို ဦးအားမိုက ဖွင့်ကြည့်ရန် လုပ်ဆောင်စဉ် အားမရှိ၍ ၎င်း၏ သားဖြစ်သူ အသက်(၁၆)နှစ်အရွယ်ရှိ မောင်လေဆာအား အားသွင်းခိုင်းရာမှ မီးပလပ်ပေါက်တွင် အားသွင်းပြီး ပါဝါ ဖွင့်လိုက်စဉ် ပေါက်ကွဲခြင်း ဖြစ်သည်ဟု အကြမ်းအားဖြင့် သိရသည်။

ပေါက်ကွဲမှုကြောင့် အသက်(၁၆)နှစ်အရွယ်ရှိ မောင်လေဆာတွင် နဖူး၊ ရင်ဘတ်၊ ပေါင် နှင့်  လက်တို့ ဒဏ်ရာရရှိသွား၍ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နောင်နွန်းရွာဖြစ်စဉ်နှင့်  ပတ်သက်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၃/၂၀၂၄၊ ၁၉၀၈ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ - ၃ အရ အမှုဖွင့်ပြီး တရားခံအား စုံစမ်းနေကြောင်း သိရသည်။

"ကျိုင်းတုံမှာတော့ အဲ့ကိစ္စ ဟိုးလေးတကျော် ဖြစ်နေတယ်။ ဆောင်းဘောက်က ကာရာအိုခေ ဆိုလို့ရအောင် မိုက်ပါ တခါတည်းပါပြီးသား ဆောင်းဘောက်တွေ။ အဲ့လိုမျိုး ဘုမသိ ဘုမသိ လာပို့ရင် လက်မခံကြဖို့ ရွာထဲမှာ တဆင့်ပြီးတဆင့် အချင်းချင်း ဆော်ဩနေကြတာတော့ ကြားခဲ့ရတယ်။ လန့်ဖို့တော့ ကောင်းတယ်။ ကျွန်မတို့လည်း ဒီလိုမျိုးတွေ သတိထားရမှာ"ဟု ဒေသခံ တစ်ဦးက ပြောသည်။