မန္တလေး မှ တာချီလိတ်သို့ လာသည့် လေကြောင်း ခရီးစဉ်တွင် COVID 19 ခရီးသည်နှင့် ခုံချင်းကပ် လိုက်ပါလာသူများကို အဆက်အသွယ် ရရှိထား

မန္တလေး မှ တာချီလိတ်သို့ လာသည့် လေကြောင်း ခရီးစဉ်တွင် COVID 19 ခရီးသည်နှင့် ခုံချင်းကပ် လိုက်ပါလာသူများကို အဆက်အသွယ် ရရှိထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မန္တလေးမှ ၂၀၂၁ ခုနှစ်၊ မေလ (၂၁) ရက်နေ့ နေ့လယ် (၁) နာရီတွင် ပျံသန်းလာသည့် Air Thanlwin လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ (၆၈) ဦးအနက် COVID 19 အတည်ပြုလူနာနှင့် ခုံနံပါတ်အနီးဆုံးတွင် စီးနင်းလိုက်ပါလာသူအားလုံးကို အဆက်အသွယ်ရထားပြီဖြစ်ကြောင်း သိရသည်။

"သူတို့က မိသားစုလိုက်လာတာ။ သူတို့အမေက နေမကောင်းဘူး။ ရွာထဲကို ဒီတိုင်းမဝင်ချင်ဘူး ဆေးစစ်ချင်တယ်လိုဆို့ ဆေးရုံမှာ စစ်လိုက်တော့ Positive ဖြစ်နေတာ။ သူနဲ့ လေယာဉ်ပေါ်မှာ ခုံနံပါတ်ကပ်ရက်ထိုင်ခဲ့သူတွေကိုတော့ အဆက်အသွယ်ရပြီ။ သူတို့ကို ဆေးစစ်မယ်ပြောတယ်"ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ (၂၁) ရက်နေ့က မန္တလေး - တာချီလိတ်လေကြောင်းခရီး စီးနင်းလာသည့် ခရီးသည်တစ်ဦးသည် လေယာဉ်ပေါ်တွင် နေမကောင်းဖြစ်လာ၍ ဆေးရုံတွင် သွားရောက်စစ်ဆေးရာမှ COVID 19 ပိုးတွေ့ရသဖြင့် လေယာဉ်တစ်စီးထဲအတူ စီးနင်းလာသူများအား ပြန်လည်ဆက်သွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က လေယာဉ်စီးမည့်ခရီးသည်များအနေဖြင့် COVID 19 စစ်ဆေးပြီးမှ လေယာဉ်စီးနင်းရခြင်းဖြစ်သော်လည်း လက်ရှိတွင် လေယာဉ်စီးခရီးသည်များကို COVID 19 စစ်ဆေးရန် မလိုတော့ဘဲ စီးနင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းပြီးကတည်းက COVID 19 ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်နိုင်ခြင်း မရှိတော့ဘဲ ဖြစ်နေခြင်းဖြစ်သည်။