မြန်မာစစ်တပ်ထုတ်ကုန် ဒဂုံဘီယာများကို ရေကြောင်းကနေ တရားမဝင် တင်သွင်းလာ၍ ထိုင်းဘက်က ဖမ်းဆီး

 မြန်မာစစ်တပ်ထုတ်ကုန် ဒဂုံဘီယာများကို ရေကြောင်းကနေ တရားမဝင် တင်သွင်းလာ၍ ထိုင်းဘက်က ဖမ်းဆီး

 ကော့သောင်း - ရနောင်း မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းဘက် တာဝန်ရှိသူများက ရေကင်းလှည့်နေချိန်တွင် မြန်မာဘက်က စစ်တပ်ထုတ်ကုန်ဖြစ်သည့် ဒဂုံဘီယာများ  ထိုင်းဘက်သို့ ရေလမ်းကြောင်းဖြင့် တရားမဝင် တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီး သိမ်းဆည်းလိုက်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ ရနောင်းဘက်က အမှတ်(၂၅)ခြေလျင်တပ်ရင်း အထူးအဖွဲ့ အပါအဝင် ရနောင်းနယ်မြေ ယစ်မျိုးဦးစီးဌာန နှင့် ရနောင်းအုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆာရနီကျွန်းစစ်ဆေးရေးဂိတ် နှင့် ရေကြောင်း တလျှောက် ခိုးဝင် ထွက်ပေါက်များကို ပိတ်ဆို့ စစ်ဆေးခြင်းနှင့် ရေကင်းလှည့်ခြင်းများ လုပ်ဆောင်နေသည့် ၂၀၂၄ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ရေကင်းလှည့်နေစဉ် မြန်မာငါးဖမ်းစက်လှေ အမှတ် MM-11 တစ်စီးအား တွေ့ရှိ၍ စစ်ဆေးမှုများ ပြုလုပ်ရာ ငါးဖမ်းစက်လှေတွင်း မြန်မာစစ်တပ်ထုတ်ကုန်ဖြစ်သည့် ဒဂုံဘီယာ စုစုပေါင်း (၄၅၆)ဗူးကို တွေ့ရှိ၍ တရားမဝင်တင်သွင်းလာမှုဖြင့် ဖမ်းဆီးသိမ်းဆည်းလိုက်ကြောင်း သိရသည်။

စစ်တပ်ထုတ်ကုန် ဘီယာဗူးများကို သိမ်းဆည်းလိုက်ပြီး အသက်(၄၃)နှစ်အရွယ် ဦးဌေးမြင့်ဦး နှင့်အဖွဲ့အား   တရားဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ(မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်)က မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red ruby ဆေးလိပ် နှင့် အဖျော်ယမကာများကို ထုတ်လုပ်ရောင်းချသည်။

 

 

Photo: 25th Infantry Regiment Task Force