မန္တလေး ပြည်ကြီးတံခွန်တွင် ရွှေဆိုင် ဓါးပြတိုက်ခံရမှုကြောင့် ကျပ်သိန်း(၂၀၀၀)ကျော်ဖိုး ပါသွား

မန္တလေး ပြည်ကြီးတံခွန်တွင် ရွှေဆိုင် ဓါးပြတိုက်ခံရမှုကြောင့် ကျပ်သိန်း(၂၀၀၀)ကျော်ဖိုး ပါသွား

 

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှု(၁)ဈေးအနီး ထက်ဝေယံ စိန်ရွှေရတနာဆိုင်တွင် ဓါးပြတိုက်မှုဖြစ်ပွားပြီး ကျပ်သိန်း(၂,၀၀၀)ကျော် ပါသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့ နေ့လည် (၁၂)နာရီကျော်အချိန်က လမ်းလျှောက်လာသည့် အမျိုးသား(၂)ဦးသည် ထက်ဝေယံ ရွှေဆိုင်အတွင်းသို့ ဝင်ရောက်လာပြီး တစ်ဦးက သေနတ်တစ်ချက်ပစ်ဖောက်ပြီး ကျန်တစ်ဦးက လက်ထဲတွင် ပါလာသည့် ဓါးဖြင့် ရွှေများထည့်ထားသည့် မှန်ဘီဒိုများကို ရိုက်ခွဲကာ ရွှေများကို ယူသွားခြင်းဖြစ်ကြောင်း သိရသည်။ 



 

"ကြားသလောက်ဆို ဆိုင်ကလူတွေတော့ ဘာမှ မဖြစ်ဘူး။ သူတို့က ရွှေယူပြီး ဒီအတိုင်း ပြန်ထွက်သွားကြတာ။ ခက်တာက သေနတ်ပါတော့ ဆိုင်ရှင်က မလိုက်ရဲဘူး။ ဆိုင်ရှင်ပြောပုံအရဆို သိန်း (၂၀၀၀)ကျော်ဖိုးလောက် ပါတယ်တဲ့"ဟု စက်မှု(၁)ဈေးအနီးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လုယူခံရ၍ ပါသွားသည့် ရွှေထည်ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း(၂၀၀၀)ကျော်ဖိုးရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် မန္တလေး အပါအဝင် ရန်ကုန်နှင့် အခြားမြို့များစွာတွင်လည်း ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိသည်။